ဆီးရီးယား ဆုံးဖြတ်ချက် ကုလ ညီလာခံ တည်ပြု

syria ဓာတ်ပုံ မူပိုင် Getty
Image caption ဆီးရီးယား ပြဌာန်း ဆုံးဖြတ်ချက် အထွေထွေ ညီလာခံမှာ မဲခွဲ

ဆီးရီးယားအရေးမှာ လုံခြုံရေး ကောင်စီနဲ့ ဆီးရီးယား အစိုးရကို ပြစ်တင်ထားတဲ့ ပြဌာန်း ဆုံးဖြတ်ချက် တခုကို အထွေထွေ ညီလာခံမှာ ပြတ်ပြတ်သားသား အတည်ပြုနိုင်ခဲ့ပါတယ်။

ဆော်ဒီအာရေဗျ နိုင်ငံက ဒီ ပြဌာန်း ဆုံးဖြတ်ချက် မူကြမ်းကို တင်ပြခဲ့ရာမှာ ၁၃၃ နိုင်ငံက ထောက်ခံပြီး ၁၂ နိုင်ငံ ကန့်ကွက်၊ ၃၁ နိုင်ငံကတော့ မဲမပေးခဲ့ပါဘူး။

ကန့်ကွက်တဲ့ထဲမှာ ကာယကံရှင် ဆီးရီးယား အပြင် ရုရှ၊ တရုတ်၊ ကျူးဘား၊ အီရန်၊ မြောက်ကိုရီးယား၊ ဇင်ဘာဘွေ၊ ဗင်နီဇွဲလားနဲ့ မြန်မာနိုင်ငံတို့ ပါဝင်ပြီး ကြားနေ တဲ့ထဲမှာ အိန္ဒိယနဲ့ ပါကစ္စတန်တို့ ပါပါတယ်။

အထွေထွေ ညီလာခံရဲ့ ပြဌာန်း ဆုံးဖြတ်ချက်ဟာ ဆီးရီးယားက ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေကို အားနည်းစေတယ်လို့ ရုရှက အကြောင်းပြပါတယ်။

ကုလသမဂ္ဂဆိုင်ရာ ရုရှသံအမတ်ကြီး ဗီတာလီ ချာကင်က အခု ပြဌာန်း ဆုံးဖြတ် ချက်မှာ ဆီးရီးယား အစိုးရကို လက်နက်ကိုင် ဆန့်ကျင် တိုက်ခိုက်နေတဲ့ အဖွဲ့တွေကို ထောက်ခံမှု ပေးထားတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယားမှာ ဒီမိုကရေစီကို အသွင်ကူးပြောင်းရေး အတွက် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ်က လုပ်ဆောင်ဖို့ ဆော်သြထားတယ်ပြီး တကယ်တမ်းမှာ ကုလ အထူး ကိုယ်စားလှယ်ရဲ့ အလုပ်က အစိုးရ ပြောင်းအောင် လုပ်ဖို့ မဟုတ်ဘဲ တွေ့ဆုံ ဆွေးနွေးမှုတွေ ဖြစ်အောင် ကြိုးပမ်းပေးဖို့သာဖြစ်တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ ရုရှ သံအမတ်က ပြောပါတယ်။

တဘက်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ် စူဇန်ရိုင့်စကတော့ အထွေထွေ ညီလာခံရဲ့ ပြဌာန်း ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပြီး နိုင်ငံ အများစုက ဆီးရီးယား ပြည်သူတွေဘက်က ရှိနေတာကို ပြသခဲ့တယ်လို့ မှတ်ချက် ပေးပါတယ်။

အထွေထွေ ညီလာခံရဲ့ ပြဌာန်း ဆုံးဖြတ်ချက်ဟာ လက်တွေ့မှာ လက်ငင်း သက် ရောက်မှု ရှိစေတဲ့ ပြဌာန်း ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။

ဒါပေမယ့် ဒီ ပြဌာန်း ဆုံးဖြတ်ချက်ကို တင်တဲ့ အာရပ် နိုင်ငံတွေနဲ့ အနောက် နိုင်ငံတွေက ဆီးရီးယား အရေးမှာ ကမ္ဘာ့နိုင်ငံ အများစုက သူတို့ဘက်က ရှိတာကို ပြချင်ပါတယ်။

ဒီလို နိုင်ငံအများ အပြား ထောက်ခံမှု ရအောင် မူလ ပြဌာန်း ဆုံးဖြတ်ချက်ကို အများကြီး ပြန်လည် ပြင်ဆင် ခဲ့ရပါတယ်။

ဥပမာ ဆီးရီးယား သမ္မတ အာဆတ်ကို ရာထူးကဆင်းပေးဖို့ တောင်းဆိုထားချက် ကို ဖြုတ်ပစ်ခဲ့ရသလို အာရပ် အဖွဲ့ချုပ်ရဲ့ ဆီးရီးယားကို ဒဏ်ခပ် ပိတ်ဆို့မှုတွေကို ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက ထောက်ခံဖို့ အချက်ကိုလည်း ဖြုတ်ပစ်ခဲ့ရပါတယ်။

အခု ပြဌာန်း ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့ နိုင်ငံ ၁၂ နိုင်ငံပဲ ရှိတယ်ဆိုပေမယ့် အဲဒိထဲမှာ ရုရှနဲ့ တရုတ် ပါနေတာကြောင့် အခု အထွေထွေ ညီလာခံရဲ့ ပြဌာန်း ဆုံးဖြတ်ချက်ဟာ လုံခြုံရေး ကောင်စီထဲက နိုင်ငံတွေကြား သဘောကွဲပြားမှုကို ပိုတောင်မှ ကြီးမား သွားစေနိုင်တယ်လို့ ဘီဘီစီ သတင်းထောက် ဘာဘရာ ပလက်က မှတ်ချက် ပေးသွားပါတယ်။