ဂုကိုင်လိုင်းကို ရုံးထုတ်မယ်

gu kailai ဓာတ်ပုံ မူပိုင် Reuters
Image caption လေးဦးဂိုဏ်း အမှုနောက် အကြီးဆုံး ပါတီ အမှုကြီး

တရုတ် ကွန်မြူနစ်ပါတီ ထိပ်တန်းခေါင်းဆောင် ဘိုရှိလိုင်ရဲ့ ဇနီး ဂုကိုင်လိုင်းကို ဒီနေ့ ရုံးထုတ် စစ်ဆေးမှာပါ။

အမှုက ဗြိတိသျှ လူမျိုး စီးပွားရေး သမား နီယဲလ် ဟေးဝစ်ဒ်ကို သတ်ကြောင်း မသင်္ကာတဲ့ အမှုပါ။

ဒီအမှုရဲ့ နောက်ကွယ်မှာ အသိခက် နက်နဲတဲ့ အကြောင်းအရာ အမျိုးမျိုး ပတ်သက် ဆက်စပ်နေပါတယ်။

ဘိုရှိလိုင်ဟာ ကွန်မြူနစ်ပါတီရဲ့ ထင်ရှားတဲ့ ထိပ်တန်းခေါင်းဆောင်တယောက်ပါ။

ချုံချင့်လို ကြီးမားတဲ့ ပြည်နယ်ကြီးတခုရဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။

အခု သူ့ကို လည်း ဖမ်းဆီးထိန်းသိမ်းထားပါတယ်။

အသက် ၄၁ နှစ်ရှိတဲ့ ဗြိတိသျှလူမျိုး စီးပွားရေး သမားဟာ ဟိုတယ်ခန်းထဲမှာ အရက်သောက် လွန်ပြီး သေဆုံးခဲ့တယ်လို့ သာ အသိပေးခဲ့တာဖြစ်ပါတယ်။

သူ့ကို မိသားစုက သူတို့ရှေ့မှောက်မှာ ခွဲစိပ်စစ်ဆေးမှု ပြုလုပ်ဖို့ ခွင့်တောင်းခဲ့ပေမဲ့ မရခဲ့ပါဘူး။

မိသားစု မျက်ကွယ်မှာ ခွဲစိပ် စစ်ဆေးပြီး သူ့ကို မီးသင်္ဂြိုဟ် ခဲ့ပါတယ်။

ဒါပေမဲ့ သေဆုံးသူရဲ့ နှလုံး အသားစအနည်းငယ်ကို တရားလိုဘက်က ရသွားခဲ့ပြီး အဲဒီ အသားစဟာ အဓိက သက်သေ ဖြစ်ပါလိမ့််မယ်။

အဲဒီ အသားစကိုကြည့်ပြီး သေဆုံးသူဟာ ဆိုင်ယာနိုက်လို သိပ်ပြင်းတဲ့ အဆိပ်မျိုး မိခဲ့တယ်လို့ တရားလိုဘက်က ယူဆထားတာဖြစ်ပါတယ်။

တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် တရားခံဟာ သေဒဏ်တောင်ကျနိုင်ပါတယ်။

ဒါပေမဲ့ တရားခံက ဝန်ခံရင် တရုတ်တရားသူကြီးတွေဟာ သက်ညှာလေ့ရှိပါတယ်။

အဲသလို ဖြစ်ခဲ့ရင်တော့ အနည်းဆုံး သေဒဏ်က လွတ်နိုင်ပါတယ်။

ဂုကိုင်းလိုင်း ကို အပြစ်ရှိကြောင်း ဆုံးဖြတ်ရင် ဘိုရှိလိုင်ဟာလည်း ကြီးလေးတဲ့ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။

အနိမ့်ဆုံးအနေနဲ့ ဖြစ်ရပ်မှန်ကို ဖုံးကွယ်တဲ့ ပြစ်ဒဏ်မျိုး ခံရနိုင်ပါတယ်။

အခုအမှုဟာ တရုတ်ကွန်မြူနစ်ပါတီ ဥက္ကဌကြီး မော်စီတုန်းရဲ့ ဇနီးအပါအဝင် ဖြစ်တဲ့ လေးဦးဂိုဏ်းကို စွဲဆိုခဲ့တဲ့ အမှုကလွဲပြီး ပါတီ ထိပ်တန်း ခေါင်းဆောင်တွေနဲ့ အဆက်စပ်ဆုံး အမှုကြီး တမှု ဖြစ်တဲ့ အတွက် အားလုံးက စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ