အီရန်ငလျင် ဒုက္ခသည်တွေအတွက် ကူညီဆောင်ရွက်

ဓာတ်ပုံ မူပိုင် AFP
Image caption လူပေါင်း အနည်းဆုံး ၃၀၀ ကျော် အထိ သေဆုံးခဲ့ပြီး၊ နှစ်ထောင်ကျော် ထိခိုက် ဒဏ်ရာရခဲ့

အီရန်နိုင်ငံမှာ စနေနေ့ လှုပ်ခတ်ခဲ့တဲ့ မြေငလျင် ကနေ အသက်မသေးပဲ လွတ်မြောက်ခဲ့သူတွေ အတွက် အစားစာနဲ့ ခိုလှုံဖို့နေရာ ရရှိရေး အဓိက ဦးစားပေး လုပ်ဆောင်နေတယ်လို့ အီရန် အာဏာပိုင်တွေက ပြောကြားပါတယ်။

အီရန်ကျန်းမာရေးဝန်ကြီး မာဇိဗဟစ် ဒက်ရှ်ဂျားဒီ ကလည်း ဆေးဝါးကုသမှုတွေ ရရှိအောင် ကြိုးပမ်း ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခဲ့တဲ့ ဒီလျင်တွေကြောင့် လူပေါင်း အနည်းဆုံး ၃၀၀ ကျော် အထိ သေဆုံးခဲ့ပြီး၊ လူပေါင်း နှစ်ထောင် ကျော်တော့ ထိခိုက် ဒဏ်ရာရခဲ့ ပါတယ်။

ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၄ နဲ့ ၆ ဒသမ ၃ ရှိတဲ့ ငလျင် နှစ်ခု တာဘရစ္စနဲ့ အဟာ မြို့တွေ နားမှာ စနေနေ့ မွန်းလွဲ ပိုင်းက လှုပ်ခဲ့ပြီး နောက်မှာ နောက်ဆက်တွဲ ငလျင် အကြိမ်ပေါင်းက ၅၅ ကြိမ်လောက် ထပ်လှုပ်ခဲ့ ပါသေးတယ်။

ကယ်ဆယ်ရေး အေဂျင်စီတွေက တော့ ငလျင်ဘေးဒဏ်ခံ ဒုက္ခသည်တွေ လိုအပ်မယ့် တဲတွေ၊ စားစရာ သောက်စရာတွေကို ဖြန့်ဝေ ထောက်ပံ့ပေးကြပါတယ်။ မြို့တော် တီဟီရန်က ဘီဘီစီ သတင်းထောက် မိုရှန်း အစ္စက်ဂါရီ ကတော့ လူရာပေါင်း များစွာကို မနေ့ညက ညတွင်းချင်း ကူကယ်နိုင်ခဲ့ ပေမယ့်လို့ နောက်ဆက်တွဲ ငလျင်တွေက ဆက်လှုပ် နေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေကို ခက်ခဲ စေခဲ့တယ်လို့ ပြောပါတယ်။

ဒီကနေ့ မှာတော့ အီရန် ပြည်ထဲရေး ဒုတိယ ဝန်ကြီးက အစိုးရ မီဒီယာကနေ တဆင့် ပြောထားတာက အပျက်အစီး တွေအောက် ရောက်ခဲ့သူတွေကို ကယ်ထုတ်ခဲ့ပြီး ဖြစ်တယ်၊ သူတို့တွေ လိုအပ်မယ့် အခြေခံ လိုအပ်ချက် တွေကိုလည်း ထောက်ပံ့ပေးထားပြီး ဖြစ်တယ်၊ သေဆုံးသူ အရေအတွက်တော့ တိုးဖို့ မရှိတော့ဘူး မှန်းပါတယ်လို့ ပြောထားပါတယ်။

ဒေသဆိုင်ရာ အာဏာပိုင်တွေ ကတော့ သေဆုံးသူ အများစုဟာ ကျေးလက်ဒေသ က ခိုင်ခိုင်ခံ့ခံ့ မဆောက်ထားနိုင်တဲ့ အိမ်ခြေတွေမှာ နေကြသူတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ ဘာဂျီ ဘတ်ဂျ် ရွာသား တယောက်ကတော့ သူ့အိမ်က ဘယ်သူများ အသက်ရှင် ကျန်ရစ်ဦး မလဲလို့ ရှာနေရင်း ရွာဟာ သင်္ချိုင်းကြီး ဖြစ်သွားပြီလို့ ပြောပါတယ်။

ရွာလုံးကျွတ် ပျောက်သွားတဲ့ တခြားရွာတွေလည်း အများကြီးပဲလို့ သူက ပြောသလို တခြားတယောက် ကလည်း လူတွေဟာ ဒီငလျင်ကြီးကြောင့် အလွန့်အလွန်ကို စိုးထိတ် နေကြတယ်လို့ ပြောပါတယ်။ လူတွေဟာ လမ်း ပေါ်ကို ကြောက်အား လန့်အားနဲ့ ပြေးထွက်နေ ကြပြီး၊ အရေးပေါ် လူနာတင် ယာဉ်တွေက လမ်းရှင်း ဥသြသံတွေ ကလည်း ညံနေအောင် ကြားရတယ်လို့ သူက ပြောပါတယ်။

အစိုးရ သတင်းအေဂျင်စီ ကတော့ ရွာပေါင်း ၁၁၀ လောက် ပျက်စီးသွားခဲ့ပြီး၊ တယ်လီဖုန်း လိုင်းတွေလည်း ပျက်တောက် ကုန်တယ်လို့ ပြောပါတယ်။ လတ်တလောမှာ ကယ်ဆယ်ရေး အဖွဲ့ ၆၆ ဖွဲ့ဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နေကြပြီး၊ လူနာတင်ယာဉ် ၂၀၀ နဲ့ ရဟတ်ယာဉ် ငါးစီးကို အသုံးပြု ထားတယ်လို့ သိရပါတယ်။

မနေ့ညကတော့ လူတွေဟာ ပန်းခြံထဲမှာ ညအမှောင်ထဲမှာပဲ နေခဲ့ကြရပါတယ်။ မနေ့ညက သေဆုံးသူ အများစုဟာ အမျိုးသမီးတွေ ဖြစ်ခဲ့ပြီး မွတ်ဆလင် ဥပုသ်လ ဖြစ်တာမို့ ဥပုသ် အထွက် အစား အသောက် စားနိုင်ဖို့ ပြင်ဆင် နေကြတုန်းမို့ အိမ်ထဲမှာ လူရှိနေတုန်း ငလျင်ကြီး လှုပ်သွားခဲ့တယ်လို့ သိရပါတယ်။

အီရန်ဟာ ငလျင်ကြောပေါ်မှာ ခွလျက် ရှိနေပြီး ငလျင်တွေ ကတော့ မကြာခဏ လှုပ်တတ်ပါတယ်။ ၂၀၀၃ ခုနှစ်က အီရန်ရဲ့ ဘမ်းမြို့မှာ လှုပ်ခဲ့တဲ့ ငလျင်ကြောင့်တော့ လူပေါင်း နှစ်သောင်းခွဲလောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ