BBC navigation

ဝီကီလိခ်စ် တည်ထောင်သူ အမေရိကန်ကို ပြစ်တင်ဝေဖန်

နောက်ဆုံး ရေးသားချိန် 19 သြဂုတ်လ 2012 - 16:48 GMT

ဝီကီလိခ်စ် ဝက်ဘ်ဆိုဒ်ကို သုတ်သင်ဖယ်ရှားဖို့ လုပ်နေ တာတွေကို ရပ်တန်းက ရပ်ရမယ်လို့ သူက ပြောပါတယ်

ဝီကီလိခ်စ် အင်တာနက် ဝက်ဘ်ဆိုဒ် တည်ထောင်သူ ဂျူလီယန် အာဆန့်(ချ)ဟာ ၂ လကြာ အချိန် အတွင်း ပထမဦးဆုံး အကြိမ် ပြန်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။

မစ္စတာ အာဆန့်(ချ)ဟာ သူ ခိုလှုံနေတဲ့ လန်ဒန်မြို့ အီကွေဒေါ သံရုံးရဲ့ လသာဆောင်လေး တခုကနေ ထွက်လာပြီး သူ့ကို ခိုလှုံခွင့် ပေးခဲ့တဲ့ အီကွေဒေါ နိုင်ငံကို ကျေးဇူးတင်ကြောင်း အများပြည်သူ သိအောင် ပြောကြားသွား ပါတယ်။

နောက်ပြီး သူက အမေရိကန်ကို ဒေါသတကြီး ပြစ်တင် ဝေဖန် သွားပါတယ်။ အမေရိကန် အစိုးရရဲ့ လျှို့ဝှက် စာရွက် စာတမ်းတွေ ပေါက်ကြားမှုနဲ့ သူ့ကို ဝါရှင်တန် ကနေ တရားမစွဲဘူးဆိုတာ ကတိပြုပေးရမယ်လို့ မစ္စတာ အာဆန့်(ချ)က ပြောပါတယ်။

နောက်ပြီး အမေရိကန် အစိုးရ ကနေ ဝီကီလိခ်စ် ဝက်ဘ်ဆိုဒ်ကို သုတ်သင်ဖယ်ရှားဖို့ လုပ်နေတာတွေကို ရပ်တန်းက ရပ်ရမယ်လို့ သူက ပြောပါတယ်။

ဗြိတိန်၊ ဆွီဒင်နဲ့ သြစတြေးလျ နိုင်ငံတွေကိုလည်း သူ့ကို မထောက်ခံတဲ့အတွက် ပြစ်တင် ရှုတ်ချသွားပါတယ်။

မစ္စတာ အာဆန့်(ချ)ကို လိင်မှုဆိုင်ရာ မတော်မတရားပြုမှုနဲ့ ဆွီဒင်နိုင်ငံ ကနေ အလိုရှိနေတာ ဖြစ်ပါတယ်။ ဒီအတွက် ဗြိတိန်က သူ့ကို တရားခံအဖြစ် ဆွီဒင်ကို လွှဲပြောင်းမှာကို စိုးတဲ့ အတွက် မစ္စတာ အာဆန့်(ချ)ဟာ လန်ဒန်မြို့ အီကွေဒေါ သံရုံးမှာ ဝင်ရောက် ခိုလှုံခဲ့တာ ဖြစ်ပါတယ်။

ဗြိတိန် အစိုးရ ကတော့ မစ္စတာ အာဆန့်(ချ)ကို အီကွေဒေါ သံရုံးထဲ ဝင်ဖမ်းနိုင်ခွင့် ရှိတယ်လို့ ကြေညာထား ပါတယ်။

ဒီအတွက် တောင်အမေရိက နိုင်ငံများ UNASUR အဖွဲ့ဟာ အီကွေဒေါနဲ့ ဗြိတိန်တို့ အကြား ဖြစ်နေတဲ့ သံတမန်ရေး မပြေလည်မှု ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။