BBC navigation

ဂရိ ကြွေးပူ ကိစ္စ ပြင်သစ် ဂျာမနီပြော

နောက်ဆုံး ရေးသားချိန် 24 သြဂုတ်လ 2012 - 01:22 GMT
hollande

ပြင်သစ်နဲ့ ဂျာမနီ အတွက် ဆုံးဖြတ်ဖို့ ခက်ခဲ

ဂျာမနီနိုင်ငံ ဘာလင် မြို့တော်မှာ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းနဲ့ ဂျာမနီ ဝန်ကြီးချုပ် အင်ဂလာ မာ့ကဲတို့ ဂရိ စီးပွားရေး ပြဿနာ အကြောင်း ဆွေးနွေးခဲ့ပါတယ်။

ဂရိဝန်ကြီးချုပ်က ယူရို ဇုန်က ကယ်ဆယ်ရေး ငွေ ထပ်တောင်းပြီး ယူရိုဇုန်က တောင်းဆို ထားတဲ့ ခြိုးခြံ ခြွေတာရေး တွေ လုပ်ဖို့နဲ့ စီးပွားရေး ပြုပြင် ပြောင်းလဲဖို့ မှာ အချိန် ထပ်ပေးဖို့ ထပ်ပြီး ပန်ကြားတဲ့ ကိစ္စ ဖြစ်ပါတယ်။

တကယ်တော့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းဟာ ဒီလို ခြိုးခြံ ခြွေတာရေး အစီအစဉ်တွေကို ဂျာမနီ ဦးဆောင် လုပ်ခဲ့ တာတွေကို သိပ် သဘောကျ ခဲ့သူ မဟုတ်ပါဘူး။

ဒါပေမယ့် အခုတော့ မစ္စတာ အော်လန်းဟာ ယူရိုဇုန် ပြဿနာကို ပြင်သစ် စီးပွားရေးနဲ့ ယှဉ်ပြီး ကွင်းကွင်းကွက်ကွက် မြင်တွေ့ ခဲ့ရပါတယ်။

ပြင်သစ်မှာ သုံးလပတ် သုံးကြိမ်ဆက်တိုက် စီးပွားရေး တိုးတက်မှုနှုန်း မရှိခဲ့ သလို မကြာခင် အလုပ်တွေလည်း အများအပြား လျှော့ရဖို့ ရှိပါတယ်။

အခု ဂရိပြဿနာမှာ ဂရိကို အချိန် ပိုပေးဖို့ ပြင်သစ်က လိုလားပေမယ့် ဒါကို ဦးဆောင်ပြီး အဆုံးအဖြတ် ပေးချင်တာတော့ မတွေ့ရပါဘူး။

ဂျာမနီ ဝန်ကြီးချုပ် ပြောတာကတော့ လောလောဆယ် ဆုံးဖြတ်ချက် ချမှာ မဟုတ်သေးပဲ နောက်လကျရင် နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ အပါအဝင် ဘဏ္ဍာရေး အဖွဲ့တွေရဲ့ ဂရိနဲ့ ပတ်သက်တဲ့ အကဲဖြတ်သုံးသပ်တဲ့ အစီရင်ခံစာ ထွက်လာတဲ့ အထိ စောင့်ဆိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီအချိန် ကျရင်တော့ ပြင်သစ်နဲ့ ဂျာမနီ နှစ်နိုင်ငံလုံး အတွက် အလွန် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေ ချကောင်း ချရနိုင်ပါတယ်။

ဂရိကို ကယ်ဆယ်ရေး ငွေထုတ်ချေးနေ တာတွေ ရပ်တန့်မလား၊ ဒါမှမဟုတ် ဂရိကို ယူရိုဇုန်ကနေ ထုတ်ပယ်သင့် မသင့်ထိ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေလည်း ချကောင်း ချရတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။