BBC navigation

မွတ်ဆလင် ဘာသာရေး ဆရာရဲ့ လုပ်ကြံစွပ်စွဲမှုကို ဖေါ်ထုတ်

နောက်ဆုံး ရေးသားချိန် 2 စက်တင်ဘာလ 2012 - 16:52 GMT

ခရစ်ယာန် အသိုင်းအဝန်း ကတော့ 'အစ္စလာမ် ဘာသာကို စော်ကားတဲ့ ဥပဒေ' ဆိုတာ ကို ဖျက်သိမ်း ပေးဖို့ တောင်းဆို

ပါကစ္စတန်နိုင်ငံမှာ အသက် ၁၄ နှစ်အရွယ် ခရစ်ယာန် ဘာသာဝင် မိန်းကလေးငယ် တဦးရဲ့ လွယ်အိတ်ထဲမှာ မီးရှို့ထားတဲ့ ကိုရမ်ကျမ်း စာရွက် တချို့ တွေ့တယ် ဆိုပြီး အဲဒီ မိန်းကလေးကို ဖမ်းဆီး အရေးယူ ထားတာမှာ အခုတော့ ဒါဟာ မွတ်ဆလင် ဘာသာရေး ဆရာတယောက်က လုပ်ကြံခဲ့တာ ဆိုပြီး စွပ်စွဲချက်တွေ ထွက်လာခဲ့ပါတယ်။

ဒီဘာသာရေး ခေါင်းဆောင်ကိုတော့ အခု ဖမ်းဆီး ထိန်းသိမ်းထားလိုက် ပါပြီ။ ပြီးခဲ့တဲ့ နှစ်ပတ်က မြို့တော် အစ္စလာမ်မာဘတ်နားမှာ စွပ်စွဲချက်နဲ့ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရတဲ့ ကောင်မလေးကိုလည်း ဒေါသထွက်နေတဲ့ လူအုပ်ကြီးက အပြစ်ပေးဖို့ အလိုရှိနေတာပါ။

တရားစွဲ အရာရှိက ပြောတာကတော့ အခု ထိန်းသိမ်း ခံလိုက်ရတဲ့ ဘာသာရေး ခေါင်းဆောင် ခါလစ် ချီရှတီက သက်သေ တယောက်ကို ဒီနည်းနဲ့ ခရစ်ယာန်တွေကို အမြစ်ဖြုတ် ရမယ်လို့ ပြောခဲ့တယ်လို့ ထုတ်ဖော် ပြောဆို လိုက်ပါတယ်။

မိန်းကလေးရဲ့နာမည်က ရင်းမ်ရှားဖြစ်ပြီး သင်ယူမှု အခက်အခဲရှိတဲ့ မသန်စွမ်းလေး တဦးဖြစ်ပါတယ်။ အခုလို ကိစ္စတွေ ဖြစ်လာတော့ နိုင်ငံတကာ ကလည်း ပြစ်တင် ရှုတ်ချမှုတွေ လုပ်ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ကတော့ ဆက်လက် ချုပ်နှောင်ထားဖို့ တရားရုံးက နောက်ထပ် ရမန်နှစ်ပတ် ဆက်ယူထားပါတယ်။ ရင်းမ်ရှားရဲ့ ဖခင်ကတော့ သူ့သမီးရဲ့ အသက် ဆုံးရှုံး သွားမှာ ကို စိတ်ပူနေ သလို သူတို့ မိသားစုရဲ့ လုံခြုံရေး အတွက်လည်း မလုံခြုံ သလို ခံစားနေရ တယ်လို့ ပြောပါတယ်။

သူက ပါကစ္စတန်သမ္မတ အဆစ် အလီ ဇာဒါရီကို သူ့သမီးလေးကို အပြစ်ဒဏ်ကနေ လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ တောင်းဆို ထားပါတယ်။ ပါကစ္စတန်မှာက အခုလိုပဲ တပါး သူတွေကို ဒုက္ခပေးဖို့ အတွက် ဘာသာရေးကို ထိပါး နှောင့်ယှက်သူတွေကို အရေးယူနိုင်တဲ့ အခုလို တင်းကျပ်လွန်းတဲ့ ဥပဒေတွေကို သုံးတတ်ကြတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

ပြီးခဲ့နှစ်ကလည်း ထိပ်တန်း နိုင်ငံရေးသမား နှစ်ယောက်ဟာ ဒီဥပဒေ ပြဌာန်းထားမှုကို ဝေဖန်ခဲ့လို့ လုပ်ကြံသတ်ဖြတ် ခံခဲ့ရပါတယ်။

ဒီကနေ့တော့ ရုံးထုတ်လာတဲ့ ခါလစ်ကို မျက်နှာကို အဝတ်ဖြူ ပတ်စည်းထားပြီး လက်ထိပ်လည်း ခတ်ထားပါတယ်။ တရားရုံးကို ခပ်သွက်သွက် ဝင်လာတဲ့သူ့ အတွက် ရဲတွေ ကိုလည်း အများကြီး ချထားခဲ့ပါတယ်။

ဒီဘာသာရေး ခေါင်းဆောင်ဟာ မီးရှို့ထားတဲ့ စာရွက်တွေထဲကို ကိုရမ် စာရွက်တချို့ကို ထည့်ခဲ့တဲ့ အကြောင်း သူ့လက်ထောက်နဲ့ တခြား နှစ်ယောက်က တရားရုံးမှာ ထုတ်ဖော် ပြောကြားလိုက်ပြီး နောက်မှာ အခုလို အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

မိန်းကလေးရဲ့ ရှေ့နေ ကတော့ အေအက်ဖ်ပီ သတင်းဌာနကို ပြောတာမှာ သူ့အမှုသည်ကို စွပ်စွဲထားချက်ဟာ မူလ ယူဆထားသလို မဟုတ်တာက ပေါ်နေပြီ၊ ဒါကြောင့် ချက်ချင်းကို လွှတ်သင့်ပါတယ်လို့ ပြောလိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။