BBC navigation

တရုတ်ပညာရေး အစီအစဉ်ကို ဟောင်ကောင်ပယ်ချ

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 16:33 GMT

ဟောင်ကောင် အုပ်ချုပ်ရေးမှူးသစ် စီဝိုင်လွန်း ကတော့ ကျောင်းတွေမှာ သူတို့ဘာသာ ရွေးချယ် ခွင့် ရှိတယ်လို့ ပြောပါတယ်

တရုတ် မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက် ရေး အတွက် ရေးသားထားတဲ့ သင်ခန်းစာ တွေ ကို ဟောင်ကောင် က စာသင်ကျောင်း တွေ မှာ သင်ကြားမယ့် ဘေဂျင်းက တရုတ် အစိုးရ ရဲ့ အစီအစဉ် ကို ဟောင်ကောင် အစိုးရ က လက်မခံကြောင်း ကြေညာ လိုက်ပါတယ်။

ဒီ ကိစ္စ ကို လက်မခံဖို့ အတွက် ဟောင်ကောင်မှ လူအများ အပြား ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း၊ အခုလို ဆုံးဖြတ်ချက် ထွက်လာတာပါ။

အရင်ကတည်းက တရုတ်နိုင်ငံ အဝန်းအဝိုင်းမှာ ရှိပေမယ့် တစုံတရာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရနေတဲ့ ဟောင်ကောင်က ပြည်သူတွေ အနေနဲ့ ဘေဂျင်းက အစိုးရကို သိတ် မလိုလားတဲ့ သဘောထားတွေက ရှိနေပါတယ်။

အခု တရုတ်မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်ရေး ကျောင်းသင်ခန်းစာ တွေက ကျောင်းသူ ကျောင်းသား တွေရဲ့ ဦးနှောက်ကို ဆေးကြောပစ်မယ့် သင်ခန်းစာ တွေ လို့ ဝေဘန် ကြသူတွေက ပြောနေပါတယ်။

အခု ဟောင်ကောင် အစိုးရ ကလည်း ဒီသင်ခန်းစာ တွေ ကျောင်းတွေ မှာ မသင် မဖြစ် သင်ရမယ်လို့ ဘေဂျင်းက လုပ်တဲ့ အစီအစဉ်ကို လက်မခံပဲ ပစ်ပယ် လိုက်ပါတယ်။

လူဦးရေ ၇ သန်း လောက် နေထိုင်တဲ့ ဟောင်ကောင်ရဲ့ အုပ်ချုပ်ရေးမှူး စီ ဝိုင် လွန်း က သင်ခန်းစာ တွေကို သင်မယ် မသင်ဘူး ဆိုတာ သက်ဆိုင်ရာ ကျောင်း တွေကပဲ ဆုံးဖြတ် လို့ရတယ် လို့ ပြောကြားပါတယ်။

တရုတ်အစိုးရက အခု သင်ခန်းစာတွေဟာ ကျောင်းသားတွေ အနေနဲ့ ဒီနိုင်ငံဟာ ကိုယ်နိုင်ငံ၊ ကိုယ့် နိုင်ငံအပေါ် ဂုဏ်ယူတဲ့ စိတ်ဓာတ် စတာတွေ ကို ရစေချင်လို့ ပြဌာန်း တာ လို့ ပြောခဲ့ပါတယ်။

အဲဒီ သင်ခန်းစာ တွေထဲမှာ နိုင်ငံသား တိုင်း သိသင့်တဲ့ အချက် တွေ လည်း ပါဝင်သလို အငြင်းပွား စရာ ကိစ္စ တွေ လည်း ပါဝင်တယ် လို့ ပြောကြပါတယ်။

ဥပမာ တပါတီ စနစ်ကို ချီးမြှောက်ထားတာတွေ ရေးသား ထားပြီး ပါတီစုံ စနစ် ကတော့ ကသောင်းကနင်း ဖြစ်တာ မျိုးနဲ့ အတူတူ ပါပဲ ဆိုတဲ့ သဘော ကို ရေးထားပါတယ်။

တခါ တီယန်နင်မင် ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြပွဲ အဖြစ်အပျက် လိုမျိုး မော်စီတုန်း လက်ထက်က လူတွေ သန်းပေါင်းများစွာ ငတ်မွတ် သေဆုံးခဲ့ရတာ သမိုင်းမျိုး ကို ဖုန်းကွယ် ထားတာတွေ တွေ့ရပါတယ်။

ဟောင်ကောင်မှာ စစ်တမ်းကောက်ယူ ကြည့်ရာမှာ လည်း ၆၉ ရာခိုင်နှုန်း က ဒီသင်ခန်းစာ တွေ ကို ကျောင်းသင်ခန်းစာ အဖြစ် မလုပ် ပါနဲ့ ဆိုတဲ့ သဘောထား ကို ပေးခဲ့ ကြပါ တယ်။

ဟောင်ကောင်မှာ လူ တသိန်းကျော် အစိုးရ ရုံးရှေ့မှာ ဆန္ဒပြ ခဲ့ ကြပြီးတဲ့နောက် ဟောင်ကောင် အစိုးရ က အခုလို သင်ခန်းစာ တွေ ကို မသင်မနေရ မဟုတ် တဲ့ အကြောင်း ဆုံးဖြတ် လိုက်တာပါ။

ဟောင်ကောင်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ကတော့ တရုတ်ပြည်မ နဲ့ဟောင်ကောင် အကြား ယဉ်ကျေးမှု အရ၊ လူမှုရေး အရ၊ နိုင်ငံရေး အရ ကွာခြား နေ တာ တွေ ထဲက၊ နောက်ဆုံး ဖြစ်လာတဲ့ ကွာခြားမှု တခု လို့ ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။