BBC navigation

စက်တင်ဘာလ ၁၁ ရက် တိုက်ခိုက်မှု နှစ်ပတ်လည်

နောက်ဆုံး ရေးသားချိန် 11 စက်တင်ဘာလ 2012 - 17:51 GMT

၂၀၀၁ ခု အမေရိကန်ပြည်ထောင်စု တိုက်ခိုက်ခံခဲ့ရတဲ့ စက်တင်ဘာ ၁၁ ရက်နေ့ နှစ်ပတ်လည် အောက်မေ့ဖွယ် အခမ်းအနားတွေကို နိုင်ငံတဝှမ်း ဒီနေ့ ကျင်းပခဲ့ကြပါတယ်။

ပြန်ပေးဆွဲထားတဲ့ လေယာဉ်ပျံတွေနဲ့ ဝင်တိုက်ခဲ့ရာ နယူးယောက်မြို့ ကမ္ဘာ့ကုန်သွယ်ရေး အဆောက်အဦရှိခဲ့တဲ့နေရာမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ကျန်ရစ်သူ မိသားစု တွေက သေဆုံးခဲ့ရသူတွေရဲ့ နာမည်တွေကို ဖတ်ကြားခဲ့ကြပါတယ်။


ဒီအခမ်းအနားကို ပထမဆုံး အကြိမ် ဘယ်နိုင်ငံရေး ခေါင်းဆောင်မှ မပါဘဲ ကျင်းပကြတာ ဖြစ်ပါတယ်။


စက်တင်ဘာ ၁၁ ရက်ဆိုင်ရာ အမျိုးသား အောက်မေ့ဖွယ်နဲ့ ပြတိုက် အဖွဲ့အစည်းက ပြီးခဲ့တဲ့ ဇူလိုင်လ ထဲက အခုလို ကျင်းပဖို့ ကြေညာ ထားပြီးသား ဖြစ်ပါတယ်။


အဲဒီ အဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့ ဂျိုး ဒန်နီရယ်စ် က ကွယ်လွန်ခဲ့ရသူတွေနဲ့ သူတို့ရဲ့ မိသားစုတွေအတွက် နိုင်ငံရေး အနှောင်အဖွဲ့ကင်းစွာ ဂုဏ်ပြုတာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဲဒီနေ့က ကွယ်လွန်ခဲ့ရတဲ့ အမျိုးသမီးတဦး ရဲ့ ခင်ပွန်း ဖြစ်သူကလည်း ဒီလို နိုင်ငံရေး သမားတွေ မပါဝင်တဲ့ အတွက် မိသားစုအဓိပ္ပါယ်တွေ ပိုပြီး ရှိလာ စေတယ်လို့ ဆိုပါတယ်။


နယူးယောက်က ဂရောင်းဇီးရိုးမှာ မိသားစုဝင်တွေချည်း ကျင်းပမှာ ဖြစ်လို့ အမေရိကန် သမ္မတ အိုဘားမားကတော့ အစောပိုင်းမှာ အိမ်ဖြူတော် မှာပဲ ဝမ်းနည်းကြေကွဲတဲ့ အထိမ်းအမှတ် တမိနစ် ငြိမ်သက်စွာ နေခဲ့ပြီးတဲ့နောက် ပင်တဂွန် မှာကျင်းပမယ့် အောက်မေ့ဖွယ် အခမ်းအနားကို ဇနီးသည် မစ်ရှဲလ် အိုဘားမားနဲ့ အတူတက်ရောက်ခဲ့ပါတယ်။

ဒီနောက်မှာ ဝေါ်လ်တာရိဒ် စစ်ဆေးရုံမှာ ရှိနေကြတဲ့ ဒဏ်ရာရ စစ်သည်တွေကိုလည်း သွားရောက်တွေ့ဆုံခဲ့ပါတယ်။


အိမ်ဖြူတော်က ပြောခွင့်ရသူကတော့ ဒါဟာ သမ္မတက အဲဒီစက်တင်ဘာ ၁၁ ရက်မှာ ကွယ်လွန်သူတွေ အတွက်သာ မဟုတ်ဘဲ အဲဒီက နောက်ဆက်တွဲ ဖြစ်လာခဲ့တဲ့ တိုက်ပွဲတွေမှာ ပါဝင် တာဝန်ထမ်းဆောင်သူ တွေကိုပါ အခုလို အသိအမှတ် ပြုတာ ဖြစ်ကြောင်း ပြောပါတယ်။


ဒုတိယ သမ္မတ ဂျိုး ဘိုင်ဒင်နဲ့ ပြည်ထဲရေး ဝန်ကြီး ကန် ဆလာဇာ တို့ကတော့ လေယာဉ်ပေါ်ပါသူ ခရီးသည်တွေက ပြန်ပေးဆွဲသူတွေကို ပြန်လည်တိုက်ခိုက်ရင်း ပျက်ကျခဲ့ရတဲ့ ခရီးစဉ် အမှတ် ၉၃ အောက်မေ့ဖွယ် ရှိရာ ရှန့်ခ်စ်ဗီးလ်မှာ ပြုလုပ်မယ့် အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ရစ်ပတ်ပလစ်ကန် သမ္မတလောင်း မစ် ရွန်မနီကတော့ အဲဒီ အဖြစ်အပျက် နောက်ပိုင်း တာဝန်ထမ်းဆောင် ခဲ့ကြတဲ့ အမျိုးသား အရံတပ်ဖွဲ့တွေ ရှိရာ နီဗားဒါး ပြည်နယ်က ရေနိုကို သွားရောက်ဖို့ ရှိပါတယ်။


ဒီ စက်တင်ဘာ ၁၁ ရက် အထိမ်း အမှတ် ပြတိုက်ကို အစက အခု ၁၁ နှစ်ပြည့်တဲ့ နေ့မှာ ဖွင့်လှစ်ဖို့ ရည်ရွယ် ထားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရွေ့ဆိုင်းထားခဲ့ရပြီး အခုတော့ အနည်းဆုံး နောက်ထပ် ၁ နှစ်လောက် စောင့်ရဦးမှာ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။


နောက်ပြီး ဂရောင်းဇီးရိုး ရဲ့ အနောက်မြောက် ထောင့်မှာ အသစ်ဆောက်လုပ်နေတဲ့ ဒေါ်လာ ၃.၉ ဘီလီယံ တန် ဝမ်းဝေါ်လ်ထရိတ်စင်တာကိုတော့ လာမယ့် ၂၀၁၄ ခုနှစ်မှာ ဖွင့်လှစ်သွားဖို့ ရှိပါတယ်။

အဲဒီ နေရာအနားမှာပဲ မနှစ်က ဖွင့်လှစ်ခဲ့တဲ့ အောက်မေ့ဖွယ် ကိုတော့ လူပေါင်း ၄.၅ သန်းလောက် လာရောက် ကြည့်ရှုခဲ့ကြပြီး ဖြစ်ပါတယ်။


အဲဒီ ၂၀၀၁ စက်တင်ဘာ ၁၁ ရက် နေ့က အဲလ်ခိုင်းဒါး အကြမ်းဖက် သမားတွေက ခရီးသည်တင် လေယာဉ် ၄စင်းကို ပြန်ပေးဆွဲပြီး တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပြီး လူပေါင်း ၃၀၀၀လောက် အသက်ဆုံး ရှုံး ခဲ့ရပါတယ်။

အဲဒီ နောက်မှာ အမေရိကန်တွေက အိုစမာ ဘင်လာဒင် ခေါင်းဆောင်တဲ့ အဲလ်ခိုင်းဒါး အကြမ်းဖက် ကွန်ယက်ကို ဖြိုဖျက်မှုတွေ စတင်ခဲ့ကြပြီး ပြီးခဲ့တဲ့ နှစ်ကတော့ ပါကစ္စတန်မှာ ပုန်းအောင်းနေခဲ့တဲ့ အိုစမာ ဘင်လာဒင်ကို အမေရိကန် အထူးတပ်ဖွဲ့တွေက သုတ်သင် နိုင်ခဲ့ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။