BBC navigation

အရှေ့အာရှမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာနိုင်

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 15:42 GMT

ဂျပန် စီးပွားရေး လုပ်ငန်းတွေနဲ့ စျေးဆိုင်တွေ လည်း တရုတ်နိုင်ငံမှာ တိုက်ခိုက် ခံရပါတယ်

အရှေ့တရုတ် ပင်လယ်က ကျွန်းစုတွေနဲ့ ပတ်သက်ပြီး သူပုန်ငါပိုင် အငြင်းပွားနေမှု အရှိန်မြင့်တက်ကာ၊ တရုတ်နိုင်ငံ တလွှား မြို့ကြီးတွေမှာ ဂျပန် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွား နေတာကြောင့် အရှေ့ အာရှမှာ လက်နက်ကိုင် ပဋိပက္ခ ဖြစ်လာနိုင်ဖွယ် ရှိတယ်လို့ အမေရိကန် ပြည်ထောင်စုက သတိပေး ပြောကြား လိုက်ပါတယ်။

ရန်လိုမှုတွေ ကနေ အမှားတွေ ဖြစ်လာနိုင်ပြီး နောက်ဆုံးမှာ တိုက်ခိုက်မှုတွေ အထိပါ ဖြစ်လာ နိုင်တယ်လို့ အမေရိကန် ကာကွယ်ရေး ဝန်ကြီး လီယွန် ပက်နက်တာက ပြောကြား လိုက်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ တလွှား မြို့ကြီးတွေမှာ ဒုတိယနေ့ အဖြစ် ဆန္ဒပြမှုတွေ ဆက်လက် ဖြစ်ပွားနေပြီး၊ တောင်ပိုင်း ရှန်ဂျင်း မြို့မှာဆိုရင် ဒေါသထွက်နေ ကြတဲ့ ဆန္ဒပြ လူအုပ်ကြီးကို လူစုခွဲဖို့ အတွက် ရဲကနေ မျက်ရည်ယို ဗုံးတွေ၊ မီးသတ်ပိုက် တွေကို အသုံးပြု ခဲ့ရပါတယ်။

ဂွန်ဂျိုး မြို့မှာတော့ ဆန္ဒပြသူတွေက ဂျပန် အလံတွေကို မီးရှို့ခဲ့ကြပါတယ်။ ဘေဂျင်းမြို့ ဂျပန်သံရုံးဆီ ချီတက် ဆန္ဒပြမယ့် သူတွေ ကိုတော့ ရဲကနေ အုပ်စု ငယ်လေးတွေ ခွဲပြီး အသုတ် လိုက် သံရုံးအနား သွားရောက် ဆန္ဒပြ ခွင့်ပြုခဲ့ပါတယ်။

စနေနေ့ ကတော့ ဂျပန်သံရုံးကို ဆန္ဒပြသူတွေက ဝိုင်းထားပြီး၊ ခဲတွေနဲ့ ပစ်ပေါက်တာတွေ ဖြစ်ခဲ့ပါတယ်။

ဂျပန် စီးပွားရေး လုပ်ငန်းတွေနဲ့ စျေးဆိုင်တွေလည်း တိုက်ခိုက် ခံရတဲ့ အတွက် ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နိုဒါက တရုတ်မှာ ရှိတဲ့ ဂျပန်နိုင်ငံသားတွေရဲ့ လုံခြုံရေးကို အထူး ဂရုစိုက် ပေးဖို့ တရုတ်နိုင်ငံကို ပန်ကြားထားပါတယ်။

ဂျပန်လို ဆန်ကာကူလို့ ခေါ်ပြီး တရုတ်လို ဂျောင်ယု လို့ခေါ်တဲ့ ဒီကျွန်းစုတွေကို တရုတ်က သူတို့ပိုင်ကြောင်း ထပ်မံပြီး အခိုင်အမာ ပြောကြားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။