BBC navigation

ပြင်သစ် သံရုံးတွေ လုံခြုံရေး တိုးမြှင့်

နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2012 - 01:28 GMT
cartoon

ပြင်သစ် သံရုံး တွေ လုံခြုံရေး တိုးမြှင့်

တမန်တော် မိုဟာမက်ကို လှောင်ပြောင်တဲ့ ကာတွန်းတွေ ပြင်သစ် ရယ်စရာ မဂ္ဂဇင်းက ဖော်ပြ လိုက်ပြီးနောက် တင်းမာ မှု တွေ ပေါ်လာမှာ စိုးလို့ ပြင်သစ် သံရုံး တွေနဲ့ တခြား အရေးပါတဲ့ နေရာတွေမှာ ပြင်သစ် အစိုးရက လုံခြုံရေး တွေ တိုးမြှင့် လိုက်ပါတယ်။

ဒီလထဲမှာ တမန်တော်ကို စော်ကားတဲ့ အမေရိကန် ရိုက် ရုပ်ရှင် ကားတကား အင်တာနက်မှာ ပြန့်သွားပြီးနောက် မွတ်ဆလင် ဘာသာဝင် တွေကို ထပ်ပြီး ရန်စသလို ဖြစ်မှာကို ပြင်သစ် အာဏာပိုင် တွေက စိုးရိမ် နေကြ ပါတယ်။

ဒီကာတွန်း တွေဟာ မွတ်ဆလင် ဘာသာဝင် တွေကို ထိပါး စော်ကား ရာ ကျပေမယ့် အကြမ်းဖက် မတုံ့ပြန် ကြဖို့ မွတ်ဆလင် ဘာသာရေး ခေါင်းဆောင် တွေနဲ့ အာရပ် ခေါင်းဆောင် တွေက ၄င်းတို့ ပြည်သူ တွေကို ပန်ကြား ထားပါတယ်။

အပတ်စဉ် ထုတ် ချာလီ ဟက်ဗဒို ပြင်သစ် ဟာသ စာစောင် က ကာတွန်း ဆရာ ကတော့ ဒီ ကာတွန်းတွေ အတွက် ခုခံ ပြောကြား လိုက်ပါတယ်။

ဒီ ကာတွန်း ဟာ အဓိကရုဏ်း ကို ဆွပေးဖို့ ရည်ရွယ် တာ မဟုတ်ဘူး လို့ လုဇ် ဆိုတဲ့ ကလောင် နာမည်ကို သာ သိရတဲ့ ကာတွန်း ဆရာက ဘီဘီစီ ကို ပြောပါတယ်။

အငြင်း ပွားစရာ ဖြစ်နေတဲ့ ရုပ်ရှင် ပြီးတော့ ပြင်သစ် နိုင်ငံရေး နဲ့ ပတ်ဝန်းကျင် အကြောင်း တွေ ရောယှက်ပြီး သတင်း တွေကို ထင်ဟပ်တဲ့ ကာတွန်း ဆွဲနေကျ အတိုင်း ဆွဲလိုက်တာပဲ လို့ သူက ဆိုပါတယ်။

ဒီ စာစောင်က အစ္စလာမ် ဘာသာ ကို ရည်ရွယ် တိုက်ခိုက်နေ တာ မဟုတ်ဘူး လို့လဲ ငြင်းဆို ပါတယ်။

ဒီ ကာတွန်းတွေ ပုံနှိပ် ဖြန့်ချိ လိုက်ပြီးနောက် မဂ္ဂဇင်း ရုံးခန်းနဲ့ ဝန်ထမ်း တွေကို ကာကွယ်မှု တွေ တိုးမြှင့် ထားရတယ် လို့ လုဇ်က ဆိုပါတယ်။

ပါကစ္စတန် နိုင်ငံမှာတော့ သောကြာ နေ့ကို အစိုးရ ရုံးပိတ်ရက် ကြေညာ ထားပြီး အစ္စလာမ် ဘာသာ ကို ထိပါးတဲ့ အမေရိကန် ရုပ်ရှင်ကား ကို ကန့်ကွက် ဆန္ဒပြ ဖို့ ခွင့်ပြု လိုက်ပါတယ်။

အမေရိကန် ရုပ်ရှင်ကား မှာ ပါဝင် ခဲ့တဲ့ သရုပ်ဆောင် တယောက် ကတော့ သူတို့ကို အီဂျစ် ရှေးဟောင်း ဇာတ်ကား ရိုက်မယ် ဆိုပြီး သရုပ်ဆောင် ခိုင်းပြီးနောက် ဇာတ်ညွှန်း ထဲ မပါတဲ့ အစ္စလာမ် ဆန့်ကျင်ရေး တွေ ထပ်ထည့်တယ် ဆိုပြီး ထုတ်လုပ်သူ ကို လိမ်လည်မှုနဲ့ ကယ်လီဖိုးနီးယား တရားရုံးမှာ တရားစွဲ ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။