BBC navigation

ကမ္ဘာမှာ သက်ကြီး ရွယ်အိုတွေ များလာနေ

နောက်ဆုံး ရေးသားချိန် 1 အောက်တိုဘာလ 2012 - 15:56 GMT
ageing

ကျန်းမာရေး စောင့်ရှောက်မှု နဲ့ အစာအဟာရ တွေကြောင့် အသက်ပို ရှည်လာကြ

ကမ္ဘာ့ လူ့ဦးရေ သန်း ၇ ထောင် ထဲမှာ အသက်ကြီးတဲ့ လူဦးရေက အလျင်အမြန် ကြီးထွား လာနေတယ် လို့ ကုလ သမဂ္ဂက အောက်တိုဘာ ၁ ရက်၊ ကမ္ဘာ့ သက်ကြီး ရွယ်အိုများနေ့ အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာ မှာ ဖော်ပြ ထားပါတယ်။

အဲဒီလို အသက်ကြီး လူဦးရေ များလာ သလို သူတို့ကို ကာကွယ် စောင့်ရှောက် ပေးနိုင်မယ့် အစီအမံ တွေလည်း အများအပြား လိုအပ် နေသေးတဲ့ အကြောင်း သတိပေး ထုတ်ပြန်လိုက် ပါတယ်။

ကမ္ဘာ တဝန်းမှာ အသက် ၆၀ ကျော်တဲ့ လူဦးရေဟာ နောက် ၁၀ နှစ်လောက် အတွင်းမှာ သန်း ၁၀၀၀ လောက်ကို ရောက်လာ မှာဖြစ်ပြီး ကမ္ဘာပေါ်မှာ လူ ၇ ယောက် မှာ ၁ ယောက်က အသက် ၆၀ ကျော် လူကြီး တွေ လို့ ပြောနိုင် ပါတယ်။

တကယ်တော့ ဒီလို အသက်ကြီး လူဦးရေ များပြား နေရ တာက တဘက်က ကြည့်ရင်တော့ အောင်မြင် မှုရဲ့ ရလဒ်လို့ ဆိုနိုင် ပါတယ်။

လူတွေဟာ အရင်ကထက် ကျန်းမာရေး စောင့်ရှောက် မှုတွေ ပိုကောင်းကောင်း ရလာသလို ပိုမို ကောင်းမွန်တဲ့ အဟာရတွေ အရင်ထက် ရလာ ကြပါတာ ကြောင့် လူတွေဟာ အသက်ပိုရှည်လာတယ်လို့ ပြောနိုင်ပါတယ်။

ပညာရေး မြင့်မား လာတာ ကြောင့်လည်း ကလေး မွေးဖွားမှုနှုန်း ကျဆင်း လာစေတယ်လို့ ဆိုပါတယ်။ အထူး သဖြင့် မိသားစု အများအပြားမှာ သားဆက်ခြား တာတွေ ပိုလုပ်လာ နိုင်ကြ ပါတယ်။

ဒါပေမယ့် ကမ္ဘာ့ အသက် ၆၀ ကျော် လူဦးရေရဲ့ သုံးပုံ နှစ်ပုံဟာ ဆင်းရဲတဲ့ နိုင်ငံ တွေမှာ နေထိုင် ကြတာ ဖြစ်ပြီး ဒီသက်ကြီး ရွယ်အို တွေကို ကူညီ စောင့်ရှောက်ဖို့ အရေးမှာ စီမံခန့်ခွဲမှု တွေက လွဲမှား နေတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာ မှာ ဖော်ပြ ပါတယ်။

ဒီ အစီရင် ခံစာကို ကုလသမဂ္ဂ နဲ့အတူ နိုင်ငံတကာ သက်ကြီး ရွယ်အို ကူညီ စောင့်ရှောက်ရေး NGO အဖွဲ့ တစ်ခုဖြစ်တဲ့ HelpAge International က ကူညီ ပံ့ပိုးပြီး ရေးသား ထားတာ ဖြစ်ပါတယ်။

HelpAge အဖွဲ့ ပြောတာ ကတော့ နိုင်ငံ အများအပြား မှာ အထူးသဖြင့် ပင်စင် အစီအစဉ်တွေ ရှိဖို့ လိုနေ တယ်လို့ ပြောပါတယ်။ ပင်စင် ဥပဒေ ရေးဆွဲ အတည်ပြုယုံ နဲ့ မလုံလောက်ပဲ ဒီပင်စင် ရံပုံငွေကို စံနစ် တကျ အကောင် အထည်ဖော် ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောပါတယ်။

ဘိုလီဗီးယား နိုင်ငံမှာတော့ အသက် ၆၀ ကျော် လူကြီးတွေ အတွက် တလကို အနည်းဆုံး ဒေါ်လာ ၃၀ နဲ့ ညီမျှတဲ့ ပင်စင်ငွေ ရကြ ပါတယ်။

ဒါ့အပြင် သက်ကြီးရွယ်အိုတွေ အတွက် သက်ကြီးရွယ်အိုတွေအတွက် အရေးပေါ်အကူအညီနဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ပေးတဲ့ အထူး အစီအစဉ်လည်း ရှိပါတယ်။

မြန်မာနိုင်ငံ မှာတော့ ကုလသမဂ္ဂက စာရင်းအရ ၂၀၀၇ ခုနှစ်တုန်းက လူ ၁၀၀ မှာ ၈ ယောက်ကျော်ဟာ အသက် ၆၀ ကျော်တွေ ဖြစ်ပြီး ၂၀၁၀မှာတော့ ၉ ယောက်ကျော် အထိ တိုးလာတယ် လို့ ဆိုပါတယ်။

၂၀၅၀ မှာ ဆိုရင် ၅ ယောက်မှာ ၁ ယောက်နှုန်းက အသက် ၆၀ ကျော်တွေ ဖြစ်လာ နိုင်ပြီး မြန်မာ အစိုးရ အနေနဲ့ လည်း သက်ကြီး ရွယ်အို တွေကို ကူညီ နိုင်ဖို့ ကုလသမဂ္ဂနဲ့ အခြား NGO တွေနဲ့ လက် တွဲ ဆောင်ရွက် သွားမယ်လို့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာ မြတ်မြတ်အုန်းခင် က ကမ္ဘာ့ သက်ကြီး ရွယ်အိုများနေ့ အထိမ်းအမှတ် အခန်းအနားမှာ ပြောကြား ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။