BBC navigation

တရုတ်ကုမ္ပဏီ အိုဘားမားကို တရားစွဲ

နောက်ဆုံး ရေးသားချိန် 3 အောက်တိုဘာလ 2012 - 18:25 GMT

အမေရိကန် ရေတပ်စခန်းအနီးက စွမ်းအင်ထုတ် လေရဟတ်တွေ

အမေရိကန် ရေတပ်စခန်းအနီးမှာ လေရဟတ်တွေ ဝယ်ယူမယ့် တရုတ်ကုမ္ပဏီတခုရဲ့ အစီအစဉ်ကို တားမြစ်ခဲ့တဲ့ အတွက်သမ္မတ အိုဘားမားကို အဲဒီကုမ္ပဏီက တရားစွဲဆိုလိုက်ပါတယ်၊

ဒီအငြင်းပွားမှုက တရုတ်ကုမ္ပဏီရဲ့ လုပ်ငန်းဟာ အမေရိကန် အမျိုးသားလုံခြုံရေးကို ထိခိုက်စေတာ ဟုတ်မဟုတ် ဆိုတဲ့အပေါ် အခြေခံပါတယ်။

Ralls ကော်ပိုရေးရှင်းလို့ခေါ်တဲ့ တရုတ်ကုမ္ပဏီက အိုရီဂွန်ပြည်နယ်မှာရှိတဲ့ ရေတပ်စခန်း အနီးမှာ လေရဟတ်လေးခုကို ခုနှစ်စောစောပိုင်းက ဝယ်ယူခဲ့တာကို သမ္မတအိုဘားမားက ပြီးခဲ့တဲ့အပတ်မှာ တားမြစ်လွှာ တခု လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါတယ်။

ဒါဟာ ၂၂ နှစ်ကာလ အတွင်း နိုင်ငံခြားကုမ္ပဏီတခုကို အမေရိကန်ပြည်ထောင်စု မှာပထမဆုံးအကြိမ် တားမြစ်ခဲ့တာဖြစ်ပါတယ်။

သမ္မတအိုးဘားမားဟာ သူ့လုပ်ပိုင်ခွင့်ကို ကျော်လွန်ပြီး ဆောင်ရွက်တာ ဖြစ်လို့ ဒီတားမြစ်ချက်ဟာ တရားမဝင်ဘူးဆိုပြီး တနင်္လာနေ့တုန်းက တရား စွဲဆိုချက်မှာ တရုတ်ကုမ္ပဏီဖက်က ပြောထား ပါတယ်။ ကုမ္ပဏီကိုပိုင်တဲ့ တရုတ်နိုင်ငံသားနှစ်ဦးက အိုဘားမားဟာ သူတို့ကုမ္ပဏီကို တန်းတူ အခွင့်အရေးမပေးဘူးလို့ ပြောနေပါတယ်။

ပြီးတော့ ဒီဝယ်ယူမှုဟာ အမေရိကန်လုံခြုံရေးကို ထိခိုက်တယ်ဆိုတာကို သက်သေမပြနိုင်ဘူးလို့လဲ သူတို့ကပြော ပါတယ်။

အမေရိကန်စစ်တပ်ကတော့ အိုရီဂွန်အခြေစိုက်စခန်းဟာ မောင်းသူမဲ့လေယာဉ်တွေ အပါအဝင် အီလက်ထရောနစ် နည်းပညာသုံး စစ်လက်နက်တွေကို စမ်းသပ်တဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်။

တနာရီကိုမိုင် ၃၀၀ အမြန်နှုန်းနဲ့ ပေ ၂၀၀ လောက်အမြင့်အထိ လေယာဉ်ပျံသန်းမှုတွေလည်းရှိပါတယ်။

တရုတ်ကုမ္ပဏီပိုင်ရှင်နှစ်ဦးဟာ တရုတ်နိုင်ငံမှာအကြီးဆုံး စက်ပစ္စည်းလုပ်ငန်းဖြစ်တဲ့ Sany ကော်ပိုရေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာတွေလည်း ဖြစ်ကြပါတယ်။

တရုတ်အစိုးရပိုင် ရှင်ဝှာသတင်းဌာနကတော့ သမ္မတအိုဘားမားဟာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ သာမန်အလုပ်သမားတွေဆီက မဲရအောင်တရုတ်ကုမ္ပဏီကို နှိမ်လိုက်တာဆိုပြီးဖော်ပြပါတယ်။

Ralls ကော်ပိုရေးရှင်းရဲ့ပြောခွင့်ရသူကလည်း သမ္မတအိုဘားမားဟာ အမေရိကန်မှာ လေရဟတ်နဲ့လျှပ်စစ်ထုတ်တဲ့လုပ်ငန်းတွေကို ကာကွယ်ပေးဖို့ဆောင်ရွက်တာသာ ပိုဖြစ်နိုင်တယ်လို့ ပြောခဲ့ပါတယ်။

သမ္မတအိမ်ဖြူတော်ကတော့ Ralls ကော်ပိုရေးရှင်းရဲ့လုပ်ငန်းဟာ အမေရိကန်နိုင်ငံရဲ့လုံခြုံရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို ယုံကြည်ရလောက်တဲ့ အထောက်အထားတွေ တွေ့ရတယ်ဆိုပြီး ပြီးခဲ့တဲ့သီတင်းပတ်ကသတင်း ထုတ်ပြန်ခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။