BBC navigation

ဗုဒ္ဓဘာသာ ဘုရားတွေ ဖျက်ဆီးမှု ဆန့်ကျင်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 4 အောက်တိုဘာလ 2012 - 16:32 GMT
ရာမူးရှိ ဘုန်းကြီးကျောင်းကို အစ္စလမ်ဘာသာဝင်တွေတိုက်ခိုက်

ရာမူးရှိ ဘုန်းကြီးကျောင်းကို အစ္စလမ် ဘာသာဝင်တွေ တိုက်ခိုက်

ဘင်္ဂလားဒက်ရှ်မှာ ဗုဒ္ဓဘာသာဘုန်းတောက်ကြီးကျောင်းတွေ ဘုရားတွေကို မွတ်စလင်ဘာသာဝင်တွေက ဖျက်ဆီးခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံ ရန်ကုန်မြို့ ဒဂုံမြို့သစ် အရှေ့ပိုင်း မကွေး ပရိယတ္တိစာသင်တိုက်မှာ သံဃာတော် ၂၀၀ကျော်ကျောင်းတိုက်အတွင်းမှာ ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ သီရိလင်္ကာနိုင်ငံမှာလည်း မြန်မာစာသင်သား သံဃာတွေအပါအဝင်သံဃာတော် ၅၀၀ ကျော် ကိုလံဘိုမြို့ရှိ ဘင်္ဂလားဒက်ရှ်သံရုံးရှေ့မှာဆန္ဒပြကြပါတယ်။

ဖြစ်ပွားရတဲ့ နောက်ခံအကြောင်းအရင်း
အခုလို ဗုဒ္ဓဘာသာကျောင်းကန်တွေကို တိုက်ခိုက်ဖျက်ဆီးတဲ့ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ဘက်ခြမ်း ဒေသဟာ တဘက်မှာ မြန်မာနဲ့ နယ်စပ်ချင်း ထိစပ်နေသလို တဘက်ခြမ်းမှာလဲ အိန္ဒိယနိုင်ငံနဲ့ နယ်စပ်ခြင်း ထိစပ်နေပြီး တခြားဘက်မှာတော့ ဘင်္ဂလားပင်လယ်အော် ရှိနေပါတယ်။ အခု ပြဿနာ ဖြစ်ခဲ့တဲ့ ကော့ဆက်ဘဇား တပ်ကနပ် နယ် နဲ့ စစ်တကောင်းတောင်တန်း တဝိုက်ဟာ တကယ်တော့ အရင်ကတည်းက ရှုတ်ထွေးနေတဲ့ နေရာဖြစ်တယ်လို့ Sabir Mustafa က ပြောပါတယ်။

တစ်ဘက်မှာတော့ စစ်တကောင်း တောင်တန်းတဝိုက်မှာ လက်နက်ကိုင် သူပုန်ထနေတာက ၂၃ နှစ် လောက် ရှိနေပါပြီ။ အစွန်းရောက် အယူအဆလည်း အခြေတည်လာပြီး ဒေသခံလူထုရဲ့ ထောက်ခံမှုလည်း အတိုင်းအတာတခုထိ ရှိနေပါတယ်။ နောက်ပြီး လက်နက် မှောင်ခိုမှုတွေလည်း ရှိတဲ့ ဒေသ ဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ ဒီဒေသတွင်းကို မြန်မာပြည်ဘက်က ရိုဟင်ဂျာ မွတ်ဆလင် ဒုက္ခသည်တွေ အများကြီး ဝင်လာပါတယ်။ အဲဒီထဲမှာလည်း တချို့က အစိုးရထိန်းချုပ်မှုအောက်က ဒုက္ခသည်စခန်းတွေမှာ နေကြပေမယ့် အများအပြားကလည်း စာရင်းအင်းမရှိပဲ နေထိုင်နေကြပါတယ်။ အစ္စလာမ်မစ် စစ်သွေးကြွတွေက ဒါကို အခွင့်ကောင်းယူပြီး ဘာသာရေးနည်းနဲ့ စည်းရုံး အသုံးချတာတွေလည်း ရှိလာပါတယ်။

အခု တိုက်ခိုက်မှုတွေမှာ စစ်သွေးကြွ အဖွဲ့တွေ ပါနေတယ်လို့ အစိုးရက ပြောပေမယ့် ဘယ်အဖွဲ့ဆိုတာကို တိတိကျကျ ထုတ်ဖော် ပြောတာတော့ မရှိသေးဘူးလို့ Sabir Mustafa က ပြောပါတယ်။အခု ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ တကယ်တော့ Facebook အင်တာနက်စာမျက်နှာမှာ ကိုရမ်ကျမ်းကို မီးရှို့တဲ့ ဓာတ်ပုံက စပြီး ဖြစ်ပွားတယ်လို့ ဆိုကြပေမယ့် နောက်ကွယ်မှာ အကြောင်းရင်းတွေက ဒီထက် မက ရှိနေတယ်လို့ အများက ယူဆကြပါတယ်။

ဥပမာ ဒေသတွင်းမှာ သြဂုတ်လအတွင်းက အာသံပြည်နယ်တွင်း ဖြစ်ခဲ့တဲ့ ကိစ္စ၊ ဇွန်လအတွင်း ရခိုင်ပြည်နယ်က ဖြစ်ရပ်၊ နောက်ပြီး စစ်တကောင်းတောင်တန်းပေါ်က ရာဂါမတီမြို့က ကောလိပ်ကျောင်းမှာ ဘင်္ဂလီနဲ့ ဘင်္ဂလီမဟုတ်သူတွေကြား တင်းမာမှုတွေ ဖြစ်ပွားတဲ့ ကိစ္စ ဒါတွေက ဆက်စပ်နေတယ်လို့ ယူဆနိုင်စရာ ရှိကြောင်း Sabir Mustafa က သုံးသပ်ပါတယ်။နောက်ပြီး နောက်ကွယ်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံရေး အားပြိုင်မှုတွေကလည်း ပါဝင်ပတ်သက်နေတယ်လို့ သူကဆိုပါတယ်။

တချိန်တည်းမှာပဲ တရုတ်နိုင်ငံကလည်း ဒီ ဘင်္ဂလားပင်လယ်အော် ဒေသကို စီးပွားရေးအရ စိတ်ဝင်စားနေတယ်၊ အိန္ဒိယနိုင်ငံကလည်း နယ်စပ်လုံခြုံရေး အမြင် ၊ စီပွားရေးအမြင်နဲ့ စိတ်ဝင်စားနေသလို မြန်မာရဲ့ အပြောင်းအလဲတွေကြောင့် အမေရိကန်ကလည်း စိတ်ဝင်စားနေပါတယ်။ မဟာဗျူဟာ ကျတဲ့ ဒေသလို့ ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီဒေသ တည်ငြိမ်ရေးအတွက် အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့တွေကို ထိန်းသိမ်းချင်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း အတိုက်ခံကို အပြစ်တင်နေရုံနဲ့ မပြီးပဲ ရေရှည် တည်တံ့နိုင်မယ့် ဖြေရှင်းရေး နည်းလမ်းကို ရှာသင့်တယ်လို့ ဘီဘီစီ ဘင်္ဂါလီဘာသာ ဌာန ဌာနမှူး Sabir Mustafa က သုံးသပ်ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။