BBC navigation

အရှေ့ဘက်ကမ်းကို စန္ဒီဝင်တိုက်ပြီ

နောက်ဆုံး ရေးသားချိန် 30 အောက်တိုဘာလ 2012 - 00:54 GMT
Obama

သမ္မတအိုဘားမားကတော့ ရွေးကောက်ပွဲကို ခေါင်းထဲ မထည့်ဘူး၊ လူတွေအတွက်ပဲ စိတ်ပူတယ်လို့ ပြောပါတယ်။

စန္ဒီအမည်ရှိတဲ့ အလွန်ပြင်းထန်တဲ့ ဟာရီကိန်း မုန်တိုင်းကြီးကတော့ နယူးယောက်မြို့ အပါအဝင် အမေရိကန် ပြည်ထောင်စုရဲ့ အရှေ့ဘက်ကမ်းကို စတင် တိုက်ခတ်နေပါပြီ။ ဒါကြောင့် အခုဆို ရေကြီးရေလျှံမှုတွေ ဖြစ်ပြီး၊ လျှပ်စစ်ဓာတ်အားတွေလည်း ပြတ်တောက်ကုန်ပြီ ဖြစ်ပါတယ်။

နယူးယောက်၊ နယူးဂျာစီ၊ မေရီလန် အပါအဝင် ပြည်နယ်ကိုးခုမှာတော့ အရေးပေါ်အခြေအနေတွေကို ကြေညာထားပါတယ်။ ဒီလို မုန်တိုင်းမျိုးတွေက မကြာခဏ တိုက်ခိုက်တတ်တာမို့ ပြည်သူတွေအနေနဲ့ အလေးမထား ရှိမှာကို သမ္မတ အိုဘားမားကတော့ စိတ်ပူပန်ပြီး အာဏာပိုင်တွေနဲ့ စကားကို သေသေချာချာ နားထောင်ဖို့ အခုလို သတိကြီးကြီးပေးပါတယ်။

တာဝန်ရှိသူတွေက အန္တရာယ်ရှိတာမို့ ဒီနေရာမှာ မနေပါနဲ့ ၊ ရွှေ့ပါဆို မဖင့်နှေးဘဲ ရွှေ့ပါ၊ နှေးမနေပါနဲ့ တွေးမနေပါနဲ့လို့ သမ္မတက ပြောပါတယ်။ တခါ ဘာလုပ်ရမယ် ဘာကိုင်ရမယ် ဆိုတာတွေကိုလည်း ပြောထားပြီးသားမို့ မေးခွန်းတွေကိုလည်း ပြန်မေးမနေပါနဲ့၊ ဒီမုန်တိုင်းဟာ အင်မတန်ဆိုးရွားတဲ့ မုန်တိုင်းဖြစ်ပါတယ်။ အသေအပျောက်တွေလည်း ရှိနိုင်တာမို့ ပြည်သူတွေအနေနဲ့ သွက်သွက်လက်လက် တုန့်ပြန်ဖို့လိုပါတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

Sandy, lower Manhattan

မုန်တိုင်းကြောင့် မန်ဟန်တန်မှာ လျှပ်စစ် မီးတွေ ပျက်သွား

မုန်တိုင်းက ပြင်းထန်ဆိုးရွားလှတာမို့ တပတ်ပဲ လိုတော့တဲ့ အမေရိကန် သမ္မတရွေးကော်ပွဲကို တောင်ထိခိုက်နိုင်ချေ ရှိနေပါတယ်။ ဒီကိုလည်း သမ္မတက သဘောပေါက်ထားလို့ ရွေးကောက်ပွဲကို ခေါင်းထဲမထည့်ထားဖို့ ပြောပါတယ်။

အခုအချိန်မှာ ရွေးကောက်ပွဲဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာကို စိတ်မပူဘူး၊ တကယ်စိတ်ပူတာက ဒီမုန်တိုင်းက ဘယ်လောက်ကြီးကျယ်မလဲ၊ မိသားစုတွေ ဘယ်လောက်ထိခိုက်ကုန်မလဲ၊ မုန်တိုင်းကို မြန်မြန်ဆန်ဆန် မတုန့်ပြန်ကြမှာကို စိုးရိမ်တယ်၊ စီးပွားရေးကို ဘယ်လောက် ပျက်စီးစေမလဲ၊ ဆက်သွယ်ရေးယန္တရားတွေကို ဘယ်လောက်ပျက်စီးစေမလဲ ဒီအချက်တွေကို ပိုလို့ စိတ်ပူနေတယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

နယူးယောက်မြို့ခံတွေကရော မုန်တိုင်းကို ဘယ်လို ရင်ဆိုင်နေသလဲ၊ မြန်မာတွေရော မုန်တိုင်းနဲ့ လွတ်ပါ့မလား။ နယူးယောက်မြို့ခံ ကိုဇော်မင်းသိန်းကို မုန်တိုင်းဝင်ပြီးနောက် ဆက်သွယ်မေးကြည့်တော့ သူနေတဲ့ အရပ်မှာတော့ လေတွေ မတရား ကြမ်းကြမ်းတမ်းတမ်း တိုက်နေတဲ့ အကြောင်းနဲ့ မြန်မာတွေ အနေများတဲ့ နယူးယောက် ကွင်းစ်အရပ်ကတော့ မြစ်တွေ၊ ရေတွေနဲ့ ဝေးကွာလို့ အများကြီး သက်သာပါတယ်လို့ ပြောပါတယ်။

Sandy hurricane, New York

အောက်တိုဘာ ၂၉ ရက်နေ့က နယူးယောက်မြို့ မြင်ကွင်း

နယူးယောက်မြို့တော် မိုက်ကယ် ဘလွန်းဘတ်နဲ့ တာဝန်ရှိသူတွေက လည်း ဆက်တိုက်ဆိုသလို သတင်းစာရှင်းလင်းပွဲတွေ လုပ်ပြီး၊ ပြည်သူတွေကို အသိပေးတာတွေ သတိပေးတာတွေ လုပ်ပါတယ်။ အခုအချိန်ဟာ မုန်တိုင်းဝင်ခဲ့ပြီမို့ ပြည်သူတွေအနေနဲ့ ကိုယ်ရှိတဲ့ နေရာမှာပဲ လုံခြုံအောင်နေကြဖို့ပါ မြို့တော်၀န်က သတိပေးပါတယ်။

ဒီစန္ဒီဟာရီကိန်းကို အမေရိကန်မှာတော့ ဟောလိုးဝင်းကာလနဲ့တိုက်ဆိုင်ပြီး ဖရန်ကင်မုန်တိုင်းလို့ နာမည်ပေးကြပါတယ်။ အခုတော့ လေတိုက်နှုန်းက တနာရီမိုင် ၉၀ အထိ ရှိနေပြီး၊ တနာရီမိုင် ၁၇၅ အထိ ရောက်သွားနိုင်ပါတယ်။

ဒီနေရာမှာ စိတ်ဝင်စားစရာတခုကလည်း ဒီကနေ့ဟာ လပြည့်နေ့ဖြစ်လို့ လပြည့်ဒီရေအတိုးကြောင့် လှိုင်းတွေဟာ ၁၁ ပေအထိ မြင့် တက်နိုင်ပါတယ်။ မိုးလေဝသကျွမ်းကျင်သူတွေရဲ့ခန့်မှန်းချက်အရတော့ စန္ဒီမုန်တိုင်းဟာ လာမယ့် ၂၄ နာရီကနေ ၃၆ နာရီ အတွင်းမှာပဲ ပြည်နယ် ၁၂ အထိ သက်ရောက်နိုင်ပြီး လူပေါင်း သန်း ၆၀ လောက်အထိကို ထိခိုက်နိုင်ချေ ရှိနေပါတယ်။

စီအင်န်အင်န်သတင်းဌာနကတော့ ပြည်နယ် ၇ ခုမှာ ပြည်သူခုနစ်သိန်းခွဲကျော်ဟာ လျှပ်စစ်မီး မရတော့ဘူးလို့ ပြောပါတယ်။ တခါ နယူးယောက်နဲ့ နယူးဂျာစီကို ဟတ်ဆန်မြစ်အောက်ကနေ ဖြတ်ပြီးဆက်သွယ်ထားတဲ့ ဟော်လန် ရေအောက်ဥမင်လှိုက်ခေါင်းကိုလည်း တာဝန်ရှိသူတွေက ပိတ်ထားကြပါတယ်။ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လမ်းပန်းဆက်သွယ်ရေးတွေလည်း ရပ်နားထားပြီး ဝါရှင်တန်ဒီစီမှာတော့ အစိုးရရုံးတွေက ဗုဒ္ဓဟူးနေ့အထိ ရုံးပိတ်ထား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။