BBC navigation

ဆီးရီးယား အတိုက်အခံ သဘောကွဲ

နောက်ဆုံး ရေးသားချိန် 5 နိုဝင်ဘာလ 2012 - 01:11 GMT

တိုက်ပွဲ ပြင်းထန်စဲ ဖြစ်တဲ့ ဆီးရီးယား

ဆီးရီးယား နိုင်ငံ အရှေ့ဖက်မှာ အစိုးရ တပ်ဖွဲ့တွေနဲ့ ၃ရက်ကြာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် al-Ward ရေနံချက် စက်ရုံကို သူပုန်တွေက ပထမဆုံး အနေနဲ့ သိမ်းပိုက် နိုင်ခဲ့တယ်လို့ အတိုက်အခံ အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

ရေနံချက် စက်ရုံနားမှာ သူပုန်တွေက အစိုးရ စစ်လေယာဉ် တစင်းကို ပစ်ချခဲ့တယ်လို့လည်း ပြောပေမယ့် ဒီသတင်းတွေဟာ သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။

တခြား သတင်းတပုဒ် မှာတော့ သူပုန်တွေနဲ့ အစိုးရ အရာရှိတွေကြား ဆွေးနွေး ခဲ့ကြပြီးတဲ့နောက် အနည်းဆုံး လေးလကြာ ပိတ်မိနေတဲ့ ဟော်မ်စ်မြို့က ရာထောင်ချီတဲ့ ဒုက္ခသည်တွေကို အကူအညီ ပို့ဆောင်ပေးနိုင်ခဲ့တယ်လို့ နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့က ပြောပါတယ်။

အတိုက်အခံ တွေထဲက ထင်ရှားတဲ့သူ Riad Seif

ကာတာမှာ ဆွေးနွေးပွဲ ကျင်းပနေတဲ့ ဆီးရီးယား အတိုက်အခံ အဖွဲ့တွေဟာ သူတို့ရဲ့ ရာထူး အနေအထား ကစလို့ ပြည်ပရောက် အစိုးရဖွဲ့ဖို့ အထိ ရည်ရွယ်ပြီး စတင် ဆွေးနွေး ကြစဉ်မှာဘဲ ပြင်းထန်တဲ့ သဘောထား ကွဲလွဲမှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

အဖွဲ့၀င် ငါးဆယ်ပါတဲ့ တော်လှန်ရေး ဦးဆောင်အဖွဲ့သစ်ကို ဖွဲ့စည်းနိုင်ဖို့ သူ့အဆိုပြုချက် အပေါ် နိုင်ငံတကာရဲ့ ကျယ်ကျယ်ပြန့် ထောက်ခံမှု ရခဲ့တယ်လို့ အတိုက်အခံ တွေထဲက ထင်ရှားတဲ့ သူတယောက် ဖြစ်တဲ့ Riad Seif ရေ့ဒ် ဆာရိဖ်က ပြောပါတယ်။

ဒါပေမယ့် တက္ကသိုလ် ပညာတက်တွေ ၊ ပြည်ပရောက် တော်လှန်ရေး သမားတွေ ပါ၀င်တဲ့ အကြီးဆုံး အတိုက်အခံ အဖွဲ့ ဖြစ်တဲ့ ဆီးရီးယား အမျိုးသား ကောင်စီက ပြည်ပ ၀င်ရောက် စွက်ဖက်မှုကို ရှောင်နိုင်ဖို့ ကြိုးစားပါလို့ သတိပေးခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။