BBC navigation

ဂါဇာမှာ အပစ်ရပ်ဖို့ ဘန်ကီမွန်းတောင်းဆို

နောက်ဆုံး ရေးသားချိန် 20 နိုဝင်ဘာလ 2012 - 14:35 GMT
_bankimoon_gaza_conflict_

ဂါဇာမှာ အပစ်ရပ်ကြဖို့ တိုက်တွန်း လိုက်တဲ့ ဘန်ကီမွန်း

ဂါဇာ ကမ်းမြှောင် ဒေသအတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲ တွေအဆုံး သတ်နိုင်ရေး ဆွေးနွေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဟာ ကိုင်ရို မြို့ကို ရောက်ရှိ နေပါတယ်။

အာရပ်အဖွဲ့ချုပ် အကြီးအကဲ ဖြစ်တဲ့ နာဘီးလ် အဲလ် အာရပ်ဘီ နဲ့ ပူးတွဲ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်း ပွဲမှာ မစ္စတာ ဘန်က တိုက်ခိုက် နေကြတာတွေ အားလုံး ချက်ချင်း ရပ်ပေးကြဖို့ အတွက် တောင်းဆိုလိုက်ပါတယ်။

သူက ပြောကြား ရာမှာ ဒီတိုက်ပွဲတွေကြောင့် အပြစ်မဲ့သူတွေ အတိဒုက္ခ ရောက်နေရတယ်လို့လည်း ဆိုလိုက်ပါတယ်။

မစ္စတာ ဘန်က အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ကို ရပ်ကြဖို့ တောင်းဆိုလိုကြောင်းနဲ့ အဲဒီလို အပစ်ရပ်နိုင်ဖို့လည်း သူကူညီ သွားမယ့် အကြောင်း ပြောပါတယ်။

ဆက်လက်ပြီး အခု တိုက်ပွဲတွေကြောင့် ထိခိုက် နစ်နာ ခဲ့ရသူ တွေရဲ့ မိသားစု တွေကို ဝမ်းနည်းကြောင်း ပြောလိုကြောင်းနဲ့ အခုလို လူတွေ သေကြေ ပျက်စီး နေရတာနဲ့ ပတ်သက်လို့ သူရော အာရပ် အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးချုပ် အဲလ် အာရပ်ဘီ ကပါ အလွန် စိုးရိမ် ပူပန်နေတဲ့ အကြောင်း တွေကို ပြောကြားသွား ခဲ့ပါတယ်။

အစ္စရေး အရာရှိကြီး တဦးကတော့ ကိုင်ရို မှာ ပြုလုပ်နေတဲ့ ဆွေးနွေးမှုတွေ အတွက် အချိန်ပေးတဲ့ အနေနဲ့ အစ္စရေး မြေပြင် တပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်မယ့် အစီအစဉ် ကို ၄၈ နာရီ ဆိုင်းငံ့ ပေးထားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် ကြာသပတေးနေ့ နောက်ဆုံး ထားပြီး အဖြေတခုခု ရမှ ဖြစ်မယ်လို့လည်း သူက ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း ဒီအပစ်ရပ် ဆွေးနွေးပွဲ တွေမှာ ပါဝင်ဖို့ အတွက် အဲဒီကို ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။

ဟာမတ်စ် ဘက်ကလည်း အစ္စရေး ဘက်က ပစ်မှတ်ထားပြီး တိုက်ခိုက် သတ်ဖြတ် နေမှုတွေ ရပ်တန့်ဖို့ကို လိုလား နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။