BBC navigation

ဂါဇာ အစ္စရေး အပစ်ရပ် နိုင်ကြမလား

နောက်ဆုံး ရေးသားချိန် 21 နိုဝင်ဘာလ 2012 - 17:50 GMT
clinton mursi

မစ္စ ကလင်တန် အီဂျစ် သမတ မူစီ နှင့် တွေ့ဆုံ

အင်္ဂါနေ့ည က အစ္စရေးဘက်ကနေ ဂါဇာဘက်မှာရှိတဲ့ ပစ်မှတ် ၁၀၀ ခန့် ကို rocket တွေနဲ့ တိုက်ခိုက်ခဲ့သလို အစ္စရေး ရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ တဲလ်အဗစ်မြို့မှာ ဘက်စ်ကား တစ်စီးကို ဟားမတ်စ် ဘက်က ဒီမနက်မှာ ဗုံးခွဲ တိုက်ခိုက် ခဲ့ပါတယ်။

အခြေအနေတွေက နှစ်ဘက်တင်းမာ နေဆဲ ဖြစ်နေ တာကြောင့် နှစ်ဘက် ပြေလည်နိုင်ဖို့ က တော်တော်လေး မလွယ်ကူတဲ့ ကိစ္စလို့ပဲ ပြောရ ပါမယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ကလင်တန်၊ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းတို့လည်း ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့ ဒေသတွင်းကို ရောက်ရှိပြီး ပါလက်စတိုင်း သမတ Mahmoud Abbas နဲ့ West Bank အနောက်ဘက်ကမ်း မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲ မှာ ကုလသမဂ္ဂ အတွင်းရေးမှူး ဘန်ကီမွန်းက အခုအချိန်ဟာ နှစ်ဘက် စလုံးက အကြမ်းဖက် တိုက်ခိုက်မှုတွေကို လုံးဝ ရပ်ဆိုင်းရမယ့် အချိန်ဖြစ်ပြီး သံတမန်ရေး အရ ဆွေးနွေးရမယ့် အချိန်ဖြစ်တယ်လို့ ပြောကြား ခဲ့ပါတယ်။

ဒါ့အပြင် ဂါဇာက အရပ်သားပြည်သူတွေရဲ့ သေဆုံးမှုတွေအတွက် အထူးစိုးရိမ်သလို အစ္စရေး အရပ်သား အများစုနေတဲ့ နေရာတွေကိုလည်း ပါလက်စတိုင်း စစ်သွေးကြွတွေ အနေတဲ့ တိုက်ခိုက်မှုကို ချက်ချင်းရပ်ဆိုင်းသင့်တဲ့ အကြောင်း ပြောဆိုခဲ့ ပါတယ်။

ဟားမတ်စ်နဲ့ အစ္စရေး အကြား အပစ်ရပ်စဲရေး ကြေညာဖို့ ရှိတယ်လို့ ပါလက်စတိုင်း ဘက်မှာ စောစောပိုင်းက အသံတွေ ထွက်လာခဲ့ပေမယ့် ဘာ သဘော တူညီမှုမှ အပြီးသတ် မရရှိ သေးတဲ့အတွက် စစ်ရေး အရ ဆက်လက် တိုက်ခိုက်သွားမယ်လို့ အစ္စရေး ဘက် ဆိုပါတယ်။

အစ္စရေး ဘက်က တောင်းဆိုတာကတော့ ဂါဇာ ဘက်က ပစ်ခတ်မှုတွေ ရပ်ဖို့၊ နိုင်ငံတကာက ဟားမတ်စ်ကို လက်နက် မတပ်ဆင်ဖို့ တွေ ပါသလို ဟားမတ်စ် ဘက်ကလည်း ဂါဇာကို အစ္စရေး ပိတ်ဆို့ထားတာ ဖယ်ရှားဖို့၊ ပစ်မှတ်ထား သတ်ဖြတ်မှုတွေ မလုပ်ဖို့ စတာတွေ ပါ၀င် ပါတယ်။

မစ္စ ကလင်တန် နဲ့ အီဂျစ် သမတ မိုဟာမက် မူစီတို့ ကိုင်ရိုမှာ တွေ့ဆုံပြီး ကြား၀င် ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ခဲ့ကြပေမယ့် လက်ရှိ အပြင်မှာ ဖြစ်ပျက် နေတဲ့ အခြေအနေတွေက ငြိမ်းချမ်းရေး ဖော်ဆောင်နိုင်မှုကို အခက်အခဲ ဖြစ်နေဆဲပါ။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။