BBC navigation

ဘင်္ဂလားဒေ့ရှ် အထည်ချုပ်စက်ရုံ မီးလောင်

နောက်ဆုံး ရေးသားချိန် 25 နိုဝင်ဘာလ 2012 - 09:35 GMT
Bangladesh

၅ နာရီကြာလောက် မီးငြိမ်းသတ်ရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒက္ကား အထည်ချုပ် စက်ရုံ တခု မီးလောင်လို့ လူ အနည်းဆုံး ၁၁၂ ဦး သေဆုံးသွားပါတယ်။

အခု မီးလောင်တဲ့ ရပ်ကွက်ဟာ ဒက္ကားမြို့တော်ရဲ့ ဆင်ခြေဖုံးမှာ ရှိတဲ့ Ashulia ရပ်ကွက်မှာ ဖြစ်တာပါ။ Tazreen Fashion ဆိုတဲ့ အထည်ချုပ် စက်ရုံမှာ စနေနေ့ ညနက်ပိုင်းက မီးလောင်တာ ဖြစ်ပါတယ်။

မီးကိုလည်း နာရီ အတော်ကြာ ငြိမ်းသတ်ခဲ့ ရပြီး တနင်္ဂနွေနေ့ မနက်မှာတော့ အပျက်အစီး ပုံတွေ ထဲကနေ အလောင်းတွေကို ထပ်မံ တွေ့ရတယ်လို့ မီးသတ် ဌာနက ဘီဘီစီကို ပြောပါ တယ်။

လူတွေ ကလည်း ထောင်နဲ့ချီပြီး မီးလောင်ပြင် အနီးမှာ သူတို့ရဲ့ ဆွေးမျိုးတွေကို လိုက်ရှာ နေကြပါတယ်။

ဘာကြောင့် မီးလောင်တယ် ဆိုတာ ကိုတော့ မသိရသေးပါဘူး။ ဒါပေမယ့် ဝါယာရှော့ ကနေ မီးလောင် တယ်လို့ မီးသတ် ဌာန ကတော့ သံသယ ရှိနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ လျပ်စစ်မီး တပ်ဆင်မှု အဆင့် မမီတာ ကလည်း နှစ်စဉ် မီးလောင်မှု ဖြစ်စေတဲ့ အကြောင်း အရင်း တစ်ခု ဖြစ်ကြောင်း ဒက္ကားက ဘီဘီစီ တင်းထောက်က ပြောပါတယ်။

မီးဟာ မြေညီထပ် ပစ္စည်း သိုလောင်ရုံ ကနေ စတင် လောင်ပြီး အပေါ်ထပ် တွေကို ကူးသွားတာ ဖြစ်ပါတယ်။ လူအများ အပြားက စက်ရုံထဲမှာ ပိတ်ပိပြီး သေဆုံးရ သလို တချို့က ထွက်ပြေး လွတ်မြောက်ဖို့ စက်ရုံ အဆောက် အအုံ ပေါ်ကနေ ခုန်ချရင်း သေဆုံးရတာ ဖြစ်ပါတယ်။ လူအမြောက်အများလည်း ဒဏ်ရာရကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အထည်ချုပ် စက်ရုံပေါင်း ၄၅၀၀ လောက်ရှိပြီး လူ ၂ သန်း လောက်ကို အလုပ်ပေး ထားနိုင်တဲ့ လုပ်ငန်း ဖြစ်ပါတယ်။ ဒေါ်လာ ဘီလျံနဲ့ချီပြီး ရတဲ့ အထည်ချုပ် လုပ်ငန်းဟာ နိုင်ငံရဲ့ စုစုပေါင်း တင်ပို့မှုရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။

မီးလောင်တဲ့ စက်ရုံ ကလည်း လမ်းကျဉ်းလေးထဲမှာ ဖြစ်လို့ မီးသတ်ကားတွေလည်း အလွယ်တကူ ဝင်ဖို့လည်း အခက်အခဲ ရှိခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ် စက်ရုံတွေမှာ အခုလို မီးလောင် တာ သိပ်မဆန်း ပေမယ့် အခုလို လူရာကျော် အထိ သေကျေ ရတဲ့ ဖြစ်ရပ် ကတော့ ဒီရပ်ကွက် ထဲမှာ တခြား ရာနဲ့ ချီတဲ့ စက်ရုံတွေ အတွက်လည်း အလွန် သတိ ထားစရာ ဖြစ်ပါတယ်။

ဒီစက်ရုံတွေ ကနေ ကမ္ဘာကျော် တံဆိပ်တွေနဲ့ ကုမ္ပဏီတွေ ဖြစ်တဲ့ Walmart, Gap, Tesco Sainsburys စတဲ့ သူတွေ အတွက် ထုတ်လုပ်ပေး နေတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘင်္ဂလားဒေ့ရှ်က လုံခြုံဘေးကင်းမှု အနေအထား တွေက မကြာခင် နှစ်ပိုင်းတွေ အတွင်း အဆင့်မြှင့် လာတယ်လို့ ပြောလို့ရ ပေမယ့် စိတ်မချရ သေးဘူး ဆိုတာ ဖော်ပြနေ ကြောင်း ဒက္ကားက ဘီဘီစီသတင်းထောက် Ethirajan Anbarasan က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။