BBC navigation

ကျိုတိုစာတမ်းကို သက်တမ်းတိုး

နောက်ဆုံး ရေးသားချိန် 9 ဒီဇင်ဘာလ 2012 - 01:11 GMT
the_un_climate_talks_in_doha

ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ

နိုင်ငံပေါင်း ၂၀၀ နီးပါး တက်ရောက်တဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံကြီးမှာ ကမ္ဘာကြီး ပူနွေးလာမှုကို ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ လုပ်ထားတဲ့ ကျိုတို သဘောတူ စာချုပ်ကို ၂၀၂၀ ခုနှစ်ထိ သက်တမ်း တိုးဖို့ သဘောတူလိုက်ကြ ပါတယ်။

ဒီ ကျိုတို သဘောတူ စာချုပ်ရဲ့ သက်တမ်းဟာ ဒီနှစ်ကုန်မှာပဲ ကုန်ဆုံးဖို့ ရှိနေခဲ့တာပါ။

နောက်ပြီး ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု များတဲ့ ချမ်းသာတဲ့ စက်မှု နိုင်ငံကြီးတွေကနေ ဆင်းရဲတဲ့ နိုင်ငံတွေဆီကို လျော်ကြေးတွေ ပေးဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒါပေမယ့် လျော်ကြေး ပမာဏ ဘယ်လောက်ဆိုတာနဲ့ ဘယ်လို ပုံစံ ပေးမယ်ဆိုတာတော့ မဆုံးဖြတ်ရသေးပါဘူး။

အခုလို ဆုံးဖြတ်နိုင်တာကတော့ ဆွေးနွေးပွဲ သတ်မှတ်ရက်ထက် ၂၄ နာရီမက ကျော်လွန် ဆွေးနွေးပြီးတော့မှ ဆုံးဖြတ်နိုင်တာ ဖြစ်ပါတယ်။

ဖန်လုံအိမ် ဓာတ်ငွေ့ အများဆုံး ထုတ်လွှတ်တဲ့ အမေရိကန် ၊ တရုတ်၊ အီးယူ တို့ကလည်း သဘောမတူချင် တူချင်နဲ့ နောက်ဆုံး တူခဲ့ကြတဲ့အတွက် ဒီလို ဆုံးဖြတ်ချက်တွေ ချနိုင်တာဟာ အလွန် ထူးခြားတယ်လို့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေက ပြောကြပါတယ်။

ဒါပေမယ့် အခုစာချုပ်ဟာ မူအားဖြင့်ပဲ သဘောတူသေးတာ ဖြစ်ပြီး ဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လက်တွေ့လျော့ချဖို့ အရေးကတော့ ဝေဝါး လွန်းနေ သေးတယ်ဆိုပြီးလည်း တချို့က ဝေဖန်ကြပါတယ်။

ဒါပေမယ့် အခု ဆုံးဖြတ်ချက်ဟာ ကမ္ဘာကြီးပူနွေးလာမှုကို ရင်ဆိုင် တိုက်ဖျက်ဖို့ အတွက် ပိုမို ပြည့်စုံတဲ့ စာချုပ် တစ်ခုကို ၂၀၁၅ မှာ ချုပ်ဆို နိုင်ဖို့အတွက် အရေးကြီးတဲ့ ခြေလှမ်းတရပ် ဖြစ်တဲ့အကြောင်း ဒိုဟာက ဘီဘီစီ သတင်းထောက် တွေက သုံးသပ်ကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။