BBC navigation

ညွှန့်ပေါင်းအဖွဲ့ကို ဆီးရီးယား မိတ်ဆွေနိုင်ငံတွေ အသိအမှတ်ပြု

နောက်ဆုံး ရေးသားချိန် 13 ဒီဇင်ဘာလ 2012 - 01:17 GMT

ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius

မော်ရိုကိုမှာ ကျင်းပနေတဲ့ နိုင်ငံပေါင်း တရာကျော် ပါ၀င်တဲ့ အစည်းအဝေးက အတိုက်အခံ ဆီးရီးယား အမျိုးသား ညွှန့်ပေါင်း အဖွဲ့ဟာ လူထုကို ကိုယ်စားပြုတဲ့ တခုတည်းသော အဖွဲ့အစည်း အဖြစ် သဘောတူ အသိအမှတ် ပြုခဲ့ကြပါတယ်။

ဒီအသိအမှတ် ပြုချက်ဟာ လူမှု ကယ်ဆယ်ရေး အကူအညီတွေ ကျယ်ကျယ်ပြန့်ပြန့် ပေးဖို့နဲ့ သမ္မတ ဘတ်ရှား အယ်အာဆက်ကို ဖယ်ရှားဖို့ တပ်ဖွဲ့တွေကို စစ်အင်အား အကူအညီ ပေးရာမှာ လမ်းပွင့်သွား စေလိမ့်မယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Laurent Fabius က ပြောပါတယ်။

ဒါ့အပြင် အနောက် အုပ်စုနဲ့ အာရပ် နိုင်ငံတွေ အတူတကွ ပါဝင်တဲ့ ဆီးရီးယား မိတ်ဆွေ နိုင်ငံများ အစည်းအဝေးဟာ အထူးတလည် တိုးတက် အောင်မြင်မှု ရခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အစည်းအဝေးမှာ တချို့နိုင်ငံတွေကတော့ ဆန့်ကျင်တဲ့ အမြင်တွေ ထုတ်ဖော်ပြောကြားမှု ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဆီးရီးယား အစိုးရကို သစ္စာခံတဲ့ တပ်ဖွဲ့တွေက အခု သီတင်းပတ် အတွင်းမှာ သူပုန်တွေကို ရုရှားထုတ် စကဒ် ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် အရာရှိ တယောက်က ပြောပါတယ်။

ဒမားစကပ်စ်မြို့ တဝိုက် ကနေ မြောက်ဖက်အရပ်မှာရှိတဲ့ သူပုန်တွေကို ပစ်မှတ်ထား ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တာလို့ အဲဒီ အမည်မဖော်လိုတဲ့ အရာရှိက ဆိုပါတယ်။

သူတို့ရဲ့ စောင့်ကြည့် လေ့လာမှုတွေ ကလည်း ဒီ စကဒ် ဒုံးကျည် အသုံးပြုမှုတွေကို တွေ့တယ်လို့ နေတိုး တပ်ဖွဲ့က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာန ပြောခွင့်ရ အမျိုးသမီး ကတော့ စကဒ် ဒုံးကျည် ပစ်လွှတ် တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အတည်ပြု ထည့်သွင်း မပြောခဲ့ပေမယ့် လတ်တလော မီးလောင်ဗုံးတွေ အသုံးပြုမှုဟာ သမ္မတ အာဆက်ဒ် တပ်ဖွဲ့တွေ အနေနဲ့ လူအများအပြား သေစေတဲ့ လက်နက်တွေ ထုတ်သုံးနေတာကို ပြသနေတာဘဲလို့ ဆိုပါတယ်။

ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း ဒဲရာဇိုမြို့မှာ အပြင်းအထန် တိုက်ပွဲ ဖြစ်ပွားမှုတွေကြောင့် ထောင်သောင်းချီတဲ့ လူတွေနဲ့ ဒဏ်ရာရသူ အများအပြား ပိတ်မိနေတယ်လို့ Medecins Sans Frontieres နယ်စည်းမခြား ဆရာ၀န်များ အဖွဲ့က ပြောပါတယ်။

ဒဲရာဇို မြို့ဟာ နေ့စဉ် နီးပါး အမြောက်ဗုံးတွေ ကြဲချ ခံနေရတယ် ၊ ဒဏ်ရာရသူတွေကို ကယ်ထုတ်ဖို့ ကလည်း အလွန်တရာမှ ခက်ခဲလွန်းနေတယ်လို့ အဲဒီဒေသကို ရောက်ခဲ့တဲ့ နယ်စည်းမခြား ဆရာဝန်များ အဖွဲ့က ပြောပါတယ်။

အဲဒီမြို့မှာ ဆရာဝန် လေးယောက် ဆေးကုနေတဲ့ ယာယီ ရွက်ဖျင်တဲ့ ဆေးခန်းတခုသာ ရှိပြီး ဆေးပစ္စည်းတွေ ပြတ်တောက်နေတယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။