BBC navigation

တရုတ် နိုင်ငံမှာ အင်တာနက် အသုံးပြုခွင့် တင်းကျပ်

နောက်ဆုံး ရေးသားချိန် 28 ဒီဇင်ဘာလ 2012 - 16:26 GMT

အင်တာနက် ပေါ်က ကောလဟာလတွေကြောင့် အခုလို ကန့်သတ် ရတာလို့ တရုတ် သတင်းစာက ပြော

တရုတ် ခေါင်းဆောင်သစ် တွေဟာ နိုင်ငံမှာ လူသိ များတဲ့ အင်တာနက် ဘလော့ဂ်တွေ အသုံးပြုမှု အပေါ် တင်းကျပ်တဲ့ ကန့်သတ် ချက်တွေ ဆက်လက် ပြုလုပ်ဖို့ ရည်ရွယ် ထားတဲ့ အတိုင်း အခုတော့ အင်တာနက်နဲ့ ပတ်သက်တဲ့ ထိန်းချုပ်မှု တွေကို တင်းတင်း ကျပ်ကျပ် ဆောင်ရွက်ဖို့ အမိန့် ထုတ်ပြန် လိုက်ပြီ ဖြစ်ပါတယ်။

အခု အသစ် ချမှတ် ဆောင်ရွက်မယ့် အစီ အစဉ်တွေ အရ အင်တာနက် အသုံးပြုမယ့် သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် နာမည် အရင်း အတိုင်း တရားဝင် မှတ်ပုံ တင်ရမှာ ဖြစ်သလို၊ တခြား ထိန်းချုပ် မှုတွေ ကိုလည်း အစိုးရက ဥပဒေ အဖြစ် အသက် သွင်းမှာ ဖြစ်ပါတယ်။ အခုလို နာမည် အရင်းနဲ့ အင်တာနက် မှတ်ပုံတင် ဥပဒေဟာ၂ဝ၁၁ ခုနှစ် ထဲက ပြဋ္ဌာန်း ထားတာ ဖြစ်ပေမယ့် ကျယ်ကျယ် ပြန့်ပြန့် အသုံး ပြုတဲ့ ဥပဒေတော့ မဟုတ်ခဲ့ ပါဘူး။

အင်တာနက် ဝန်ဆောင်မှု ပေးနေတဲ့ ကုမ္ပဏီတွေ အနေနဲ့လည်း တရား မဝင်ဘူးလို့ ယူဆရတဲ့ ဘယ်လို သတင်း အချက် အလက်မျိုးကို မဆို ဖြန့်ချိ နေမှု တွေကို ချက်ခြင်း ရပ်ဆိုင်းဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ နောက်ပြီး ဥပဒေ ချိုးဖေါက်မှု တွေကို မှတ်တမ်း လုပ်ပြီး၊ အာဏာပိုင် တွေထံ တင်ပြ သွားရမှာ ဖြစ်ပါတယ်။

အင်တာနက် ကန့်သတ်မှု တွေဟာ ပုဂ္ဂိုလ်ရေး အချက် အလက် တွေကို ကာကွယ်ဖို့ လုပ်တာလို့ အစိုးရပိုင် ဆင်ဟွာ သတင်း ဌာနက ပြောပေမယ့် အစိုးရက လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ် ချုပ်ချယ် ဖို့ ကြိုးစားတာပဲလို့ ဝေဖန် နေကြပါတယ်။

ပြီးခဲ့တဲ့ လတွေ အတွင်း အင်တာနက် လူမှု သတင်းကွန်ယက် တွေကနေ တရုတ် အာဏာပိုင် တွေရဲ့ အကျင့်ပျက် ခြစား မှုတွေကို ဖော်ထုတ် လာတာ၊ ဆန္ဒပြဖို့ နှိုးဆော် စည်းရုံးလာ တာတွေ တွေ့ရပါတယ်။

တရုတ် အစိုးရ ဘက်ကလဲ မဟာ မီးတံတိုင်းကြီးလို့ လူသိများတဲ့ အင်တာနက် ပိတ်ဆို့မှုတွေ သုံးပြီး အကဲဆတ်တဲ့ သတင်းမျိုးကို လိုက်ပိတ် တာတွေ လုပ်တတ် ပါတယ်။ ဒါပေမဲ့ ဒီ ဘလော့ဂ်ဆိုက် တွေမှာ အစိုးရ ခြစားမှုတွေ အပါအဝင် တရုတ် အမျိုးသား အကျိုးစီးပွား နဲ့ ဆိုင်တဲ့ ကိစ္စ ပြဿနာ တွေမှာ သန်း ရာနဲ့ ချီတဲ့ တရုတ် အင်တာနက် သုံးသူတွေက လှုံ့ဆော် တိုင်ကြား လာတာ ကိုတော့ မီးတံတိုင်းကြီးနဲ့ မပိတ်ပင် ခဲ့ပါဘူး။

အင်တာနက် ပေါ်က ဖြန့်တဲ့ ကောလဟာလတွေကြောင့် လူထုကြား အမြင် မကြည်လင် မှုတွေ ပေါ်လာ နိုင်လို့ ဒီလို ကန့်သတ် ဖို့ တောင်းဆို ရတာလို့ တရုတ် အစိုးရ သတင်း ဌာနက ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။