BBC navigation

ဂဏန်းတွေလည်း နာ တတ်တယ်

နောက်ဆုံး ရေးသားချိန် 17 ဇန်နဝါရီလ 2013 - 19:00 GMT
Crab

နာကျင်မှုကို ပြသတတ်တယ်လို့ ယူဆစရာ ဖြစ်လာ

ဂဏန်းနဲ့ အခွံမာ ရေသတ္တဝါတွေမှာလည်း နာကျင်မှုကို ခံစားရတယ်လို့ ယူဆရကြောင်း ဗြိတိသျှ သိပ္ပံပညာရှင် အဖွဲ့ တဖွဲ့က ပြောပါတယ်။

ပင်လယ်ဇင်ယော်တွေ အစားခံရမှာစိုးလို့ နေ့လယ်ဖက်တွေမှာ ကျောက်ကြား အမှောင်ထဲမှာ နေတတ်တဲ့ သဲသောင်ပြင် ဂဏန်းတမျိုးကို အလင်းနေရာနဲ့ အမှောင်နေရာ နှစ်ခုခွဲထားတဲ့ ကန်ထဲထည့်ကြည့်တဲ့ အခါ အများစုက အမှောင်ဖက်ကို ဝင်ပြေားကြပါတယ်။ အဲဒီ အမှောင်ထဲ ဝင်ပြေးတဲ့ အုပ်စုကို အမှောင်ထဲကနေ လျှပ်စစ်ဓာတ်နဲ့ ရှော့ ရိုက်ပေးပြီး မူလနေရာက ပြန်လွှတ်ပေးတဲ့ အခါ အမှောင်ဖက် ခြမ်းကို လုံးဝ မသွားတော့ပဲ အလင်းဖက်ကိုပဲ ပြေးဝင်ကြတာ တွေ့ရတယ်လို့ စမ်းသပ်မှုက တွေ့ခဲ့ရပါတယ်။

ဒီလိုနည်းနဲ့ အကြိမ်ကြိမ် စမ်းကြည့်တဲ့ အခါ ဂဏန်းတွေဟာ လျှပ်စစ်ဓာတ် အရိုက်ခံခဲ့ရတဲ့ နေရာကို လုံးဝ ပြန်မသွားတော့ဘူးလို့ ဆိုပါတယ်။

သဘာဝအားဖြင့် အလင်းရောင်ထဲမှာ နေရတာ အန္တရာယ်ရှိတယ်ဆိုပြီး အမှောင်ကို ရွေးတတ်တဲ့ ဂဏန်းမျိုးက အလင်းကိုပဲ ရွေးလာတဲ့ အကြောင်းရယ်၊ သူတို့ကို ရှော့ ရိုက်ပေးတုန်း တုန့်ပြန်ပုံတွေကို လေ့လာကြည့်တဲ့ အခါ လျှပ်စစ်ဓာတ်နဲ့ ထိမိလို့ ပုံမှန် တုန့်ပြန်ပုံမျိုး မဟုတ်ဘူးလို့ လေ့လာမှုတွေ လုပ်ခဲ့တဲ့ ဘဲလ်ဖတ်စ် တက္ကသိုလ်က ပါမောက္ခ ဘော့ဘ် အဲလ်ဝုဒ်က ပြောပါတယ်။

ဂဏန်းရဲ့ စိတ်ထဲမှာ ဘာဖြစ်နေတယ်ဆိုတာ မသိနိုင်ပမယ့် သူတို့ တုန့်ပြန်ပုံဟာ သတ္တဝါတွေ နာကျင်မှုဝေဒနာကို တုန့်ပြန်ပုံမျိုးအတိုင်း ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။

အရင်တုန်းကလည်း ငါးတွေနဲ့ ပုဇွန်တွေကို စမ်းသပ်ကြည့်တဲ့ အခါ နာကျင်မှုဝေဒနာကို တုန့်ပြန်ပုံမျိုးတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

Crab

ညစာ စားပွဲရောက် ဂဏန်း

ဒီလိုတွေ့ရှီချက်တွေက အရင်က လက်ခံယူဆထားကြတဲ့ ရေသတ္တဝါတွေ နာကျင်မှုကို မခံစားတတ်ပါဘူးဆိုတဲ့ အယူအဆကို မေးခွန်းထုတ်စရာ ဖြစ်လာတယ်လို့ဆိုပါတယ်။

တကယ်တန်း သာ ဒီလို သတ္တဝါတွေ ဝေဒနာကို ခံစားတတ်တယ်ဆိုတာ အခိုင်အမာ သတက်သေထူနိုင်ခဲ့ရင် အဲဒီ သတ္တဝါတွေအပေါ် ပြုမူပုံတွေ ပြောင်းလဲ လာစရာ ရှိတယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ပင်လယ်ငါးဖမ်း လုပ်ငန်းတွေမှာ ဂဏန်းတွေကို ဖမ်းပြီး အရှင်လိုက် လက်မ ချိုးပြီး ရေထဲ ပြန်လွှတ်တာတွေ၊ အရှင်လတ်လတ် ရေနွေးထဲ ထည့် ပြုတ်တာတွေကို စဉ်းစားစရာ ဖြစ်လာနိုင်တယ်လို့ ဆိုကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။