BBC navigation

ကုလတရားခွင်ရောက်တော့မယ့် တောင်တရုတ်ပင်လယ်

နောက်ဆုံး ရေးသားချိန် 22 ဇန်နဝါရီလ 2013 - 16:16 GMT
South China Sea

ကုလသမဂ္ဂတရားခွင် ရောက်တော့မယ့် တောင်တရုတ် ပင်လယ်ပြင် ပိုင်နက်အငြင်းပွားမှု ပြဿနာ

တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နဲ့ တရုတ်တို့ ပိုင်နက် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဟာ ကုလသမဂ္ဂကတဆင့် တရားရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။

အခု ပိုင်နက် အငြင်းပွားမှု ဖြစ်နေတဲ့ တောင်တရုတ်ပင်လယ်တွင်း နေရာအားလုံးနီးပါးမှာ တရုတ်က သူပိုင်ပါတယ်လို့ ပြောပေမယ့် နေရာအများအပြားမှာတော့ ဖိလစ်ပိုင်အပြင် ဒေသတွင်းက ဗီယက်နမ်၊ မလေးရှား၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့ကလည်း သူတို့ ပိုင်တယ်လို့ ပြောခဲ့လို့ အငြင်းပွားနေကြတဲ့ နေရာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် နိုင်ငံခြားရေး၀န်ကြီး Albert del Rosario ပြောတာကတော့ ဖိလစ်ပိုင်အနေနဲ့ တရုတ်နဲ့ နိုင်ငံရေးနည်းအရရော၊ သံတမန်ရေးနည်းအရပါ နည်းလမ်းအားလုံး နီးပါးနဲ့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဖူးလို့ ဆိုပါတယ်။

ဒါကြောင့် ကုလသမဂ္ဂခုံရုံးကတော့ ရေရှည်ခံမယ့် ဖြေရှင်းမှုတစ်ခု လုပ်ဆောင် ပေးနိုင်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ ပင်လယ်ဥပဒေဆိုင်ရာ ကုလသမဂ္ဂ Convention ကြေငြာချက်အောက်မှာ ကုလသမဂ္ဂရဲ့ ဖြေရှင်းမှုကို ရယူဖို့ တင်ပြ တောင်းဆိုမှာ ဖြစ်ပါတယ်။ ဒီကြေငြာချက်ကို လက်မှတ်ထိုးထားတဲ့အထဲမှာ တရုတ်ရော ဖိလစ်ပိုင်ပါ ပါဝင်ပါတယ်။

Nine-dash-line လို့ ခေါ်တဲ့ အင်္ဂလိပ်အက္ခရာ U ပုံသဏ္ဍန် ပင်လယ်ရေပိုင်နက် မြေပုံကို အခြေခံပြီး တရုတ်ဘက်က သူတို့ ပိုင်ပါတယ်လို့ ပြောတာဟာ တရားမဝင်ဘူးလို့ ဖိလစ်ပိုင်က ပြောပါတယ်။

နောက်ပြီး တရုတ်ဘက်ကနေ အခုလုပ်ဆောင်နေတဲ့ ဖိလစ်ပိုင် အပြောအရဆိုရင် တရားမဝင်တဲ့ လုပ်ဆောင်ချက်တွေ ရပ်တန့်ဖို့နဲ႔ အငြင်းပွားဖွယ် ဖြစ်နေတဲ့ နေရာတွေမှာ တရုတ်ဘက်က ဝင်ရောက် နေရာယူတာ၊ အဆောက်အအုံ ဆောက်တာမျိုးတွေ မလုပ်ဖို့လည်း ဖိလစ်ပိုင်က တောင်းဆိုပါတယ်။

ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ ပြီးခဲ့တဲ့ နှစ် ဧပြီလက နှစ်နိုင်ငံစလုံးက ပိုင်တယ်လို့ ပြောနေတဲ့ Scarborough ကျွန်းတွေနားမှာ နှစ်ဘက်သင်္ဘောတွေ ရောက်သွားလို့ တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် ဒေသတွင်း အာဆီယံ အစည်းအဝေးတွေမှာ ဆွေးနွေးအဖြေရှာဖို့ ဖိလစ်ပိုင်က ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တကယ်တော့ အခုလို ဖိလစ်ပိုင်ဘက်က ကုလသမဂ္ဂရဲ့ အဆုံးအဖြတ်ယူဖို့ လုပ်ဆောင်ချက်ဟာ အန္တရာယ်လည်း ကြီးတဲ့ လုပ်ဆောင်ချက်လို့ ဖိလစ်ပိုင်က ဘီဘီစီသတင်းထောက် Kate McGeown က ပြောပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ဖိလစ်ပိုင်ဟာ စီးပွားရေးအားဖြင့် တရုတ်အပေါ်မှာ အများကြီး မှီခိုနေရပါတယ်။ တရုတ်ဘက်က ဖိလစ်ပိုင်ရဲ့ ဒီလုပ်ဆောင်ချက်ကို နှစ်မြို့နိုင်မှာ မဟုတ်ပါဘူး။ ဖိလစ်ပိုင်ဆိုင်ရာ တရုတ်သံအမတ်ကြီး ကလည်း သူတို့ ပိုင်ပါတယ်လို့ ထပ်လောင်း ပြောပါတယ်။

ဒါပေမဲ့ ဖိလစ်ပိုင်အတွက် တဘက်က ကြည့်ရင်လည်း ဒီတောင်တရုတ်ပင်လယ်တွင်းမှာ ရေနံနဲ့ သဘာဝဓာတ်ငွေ့သိုက်တွေ ရှိနိုင်တဲ့အတွက် ဒါကလည်း စီးပွားရေးအရ အလွန်တန်ဖိုးကြီးတဲ့ နေရာတွေလည်း ဖြစ်နေပါတယ်။

အခု ကုလသမဂ္ဂဘက်က စစ်ဆေးပြီး အဆုံးအဖြတ်ပေးနိုင်ဖို့က အရင်ဖြစ်ရပ်တွေကို အခြေခံပြီး ကြည့်ရင်တော့ ၃ - ၄ နှစ်လောက် ကြာနိုင်တယ်လို့လည်း ဖိလစ်ပိုင်က ပြောပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။