BBC navigation

အီဂျစ်မတည်ငြိမ်မှု ဗိုလ်ချုပ်ကြီး သတိပေး

နောက်ဆုံး ရေးသားချိန် 29 ဇန်နဝါရီလ 2013 - 16:08 GMT
Egypt

အီဂျစ်သမ္မတ မော်စီနဲ့ ကာကွယ်ရေး ဝန်ကြီး (ဝဲ)

အီဂျစ် နိုင်ငံက နိုင်ငံရေး ပြဿနာတွေ ဟာ နိုင်ငံပျက်စီး ပြိုလဲတဲ့ အထိ ဖြစ်သွား နိုင်တယ်လို့ အီဂျစ် စစ်တပ် အကြီး အကဲ က သတိပေးလိုက် ပါတယ်။

ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်တဲ့ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Abdal Fattah al-Sissi ရဲ့ ရှည်လျားလှတဲ့ ကြေညာချက်ကို အီဂျစ် စစ်တပ်ရဲ့ တရားဝင် Facebook စာမျက်နှာမှာ ဖော်ပြ ခဲ့တာပါ။

ဒါဟာ အတိုက်အခံ တပ်ဖွဲ့တွေကို တဘက်လှည့်နဲ့ ခြိမ်းခြောက်မှု ဖြစ်နိုင်ပြီး တိုင်းပြည်မှာ အေးဆေး တည်ငြိမ်မှု ရှိကြဖို့ ပန်ကြား တာ၊ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို အီဂျစ် ပြည်သူတွေ သိအောင် ကြိုးစားတာ ဖြစ်ပုံရတယ်လို့ ဘီဘီစီ သတင်းထောက် Yolande Knell က ပြောပါတယ်။

ဗိုလ်ချုပ်ကြီး al-Sissi က အမျိုးမျိုးသော နိုင်ငံရေး အင်အားစုတွေက တိုင်းပြည်ရဲ့ ရေးရာ ကိစ္စတွေကို စီမံ ခန့်ခွဲနိုင်ဖို့ ဆက်လက် ကြိုးပမ်း နေတဲ့ အတွက် ဒါကြောင့် တိုင်းပြည် ပြိုလဲ သွားနိုင်တယ်လို့ သတိ ပေးလိုက် တာပါ။

စူးအက် တူးမြောင်း တစ်လျှောက် စစ်တပ်ကို နေရာ ချထားမှုဟာလည်း အီဂျစ် နိုင်ငံ အတွက် ပြည်ပ ဘဏ္ဍာ ငွေတွေ အဓိက ဝင်နေတဲ့ ရင်းမြစ် နေရာ အချက် အချာ ရေကြောင်းလမ်း ကို ကာကွယ်ဖို့ သက်သက်သာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

အီဂျစ် နိုင်ငံ အတွင်း မတည် မငြိမ်မှုတွေ ခြောက်ရက်မြောက် နေ့ထဲ ဝင်လာချိန်မှာ ပဋိပက္ခတွေ ကြောင့် သေဆုံးခဲ့ကြ ရသူ ၅၀ ကျော် ရှိသွားခဲ့ပါပြီ။ မကြားသေးခင် ရက်တွေ အတွင်း အဆိုးရွားဆုံး အကြမ်း ဖက်မှုတွေ ဖြစ်ပွားခဲ့ရာ စူးအက် တူးမြောင်း တလျှောက် မြို့တွေမှာ ထုတ်ပြန် ထားတဲ့ ညမထွက်ရ အမိန့်ကို ဂရုမစိုက်ဘဲ ပြီးခဲ့တဲ့ ညက ထောင်နဲ့ ချီတဲ့ လူတွေ က ည မှောင်တာနဲ့ ကန့်ကွက် ဆန္ဒပြ မှုတွေ ဆက်လက် ပြုလုပ် ခဲ့ကြ ပါတယ်။

သူတို့က မနှစ်တုန်းက ဖြစ်ခဲ့တဲ့ လူသေဆုံးမှု ရှိခဲ့တဲ့ ဘောလုံးပွဲ အဓိ ကရုဏ်းမှာ ပါဝင် ပတ်သက် ခဲ့ကြတဲ့ ဘောလုံး ဝါသနာအိုး ၂၁ ယောက်ကို ပို့ဆက်မြို့ တရားရုံးက သေဒဏ် ချမှတ် ခဲ့မှုအပေါ် မကျေ မနပ် ဆန္ဒပြကြတာ ဖြစ်ပါတယ်။

တခြား နေရာတွေမှာလည်း သမ္မတ မိုဟာမက် မော်စီရဲ့ အာဏာပိုင် အဖွဲ့ကို ဆန့်ကျင်တဲ့ ချီတက် ဆန္ဒ ပြမှုတွေ ရှိခဲ့ပါတယ်။

အင်အားကြီးမားတဲ့ အစ္စလာမ် လှုပ်ရှားမှု အဖွဲ့ ဖြစ်တဲ့ မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင် ဖြစ်သူ မစ္စတာ မော်စီဟာ မနှစ်က အီဂျစ် နိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲမှာ ပထမဆုံး အကြိမ် လွတ်လွတ် လပ်လပ် ရွေးကောက် ခံ သမ္မတ ဖြစ်လာခဲ့ပါတယ်။

အီဂျစ် လူမျိုးတွေ အားလုံး ပါဝင်တဲ့ အစိုးရ တစ်ရပ် ဖွဲ့စည်းမယ်လို့ ကတိတွေ ပေးခဲ့ပေမဲ့ အာဏာရှင် ဆန်ဆန် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ ဘာသာရေး လွတ်လပ်ခွင့်တို့ ကို အလုံ အလောက် အကာအကွယ် မပေးတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ သစ်ကို တွန်းအား ပေးတယ်လို့ အတိုက်အခံတွေက စွပ်စွဲပါတယ်။

လက်ရှိ ဖြစ်နေတဲ့ အခြေ အနေတွေကို တည်ငြိမ်အောင် ထိန်းသိမ်းနိုင်စေဖို့ ကြိုပမ်းတဲ့ တနင်္ဂနွေ နေ့ညနေက ဆွေးနွေးပွဲကို အတိုက်အခံ ခေါင်းဆောင်တွေ တက်ရောက်ဖို့ သူ ဖိတ်ခဲ့ပေမဲ့ သမ္မတနဲ့ မဟာမိတ် ဖြစ်ပြီးသား အစ္စလာမ် ဝါဒီ တွေသာ တက်ရောက်ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။