BBC navigation

မက္ကဆီကိုမှာ ပေါက်ကွဲမှုဖြစ်လို့ လူတွေသေ

နောက်ဆုံး ရေးသားချိန် 1 ဖေဖေါ်ဝါရီလ 2013 - 15:52 GMT

မက္ကဆီကိုသမ္မတ အပျက်အစီးတွေကို ကြည့်ရှု စစ်ဆေးနေတာ ဖြစ်ပါတယ်။

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော်က အစိုးရပိုင် Pemex ပဲမက်စ် ရေနံကုမ္ပဏီမှာ ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ပြီး လူအများအပြား သေဆုံးခဲ့ပါတယ်။

ဒါဟာ နှစ်ပေါင်း ၃၀ အတွင်း အဆိုးရွားဆုံး ပေါက်ကွဲမှုတခု ဖြစ်ပါတယ်။ ၅၄ ထပ်မြင့် အဆောက်အအုံရဲ့ အောက်ခြေပိုင်း အထပ်တွေမှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး အခုနောက်ဆုံးရတဲ့ သတင်းတွေအရ လူပေါင်း အနည်းဆုံး ၂၅ ယောက် သေဆုံးပြီး လူ ၁၀၀ ထိခိုက် ဒဏ်ရာရခဲ့ပါတယ်။

အဆောက်အအုံထဲ ပိတ်မိနေသူတွေကို ကယ်ထုတ်ဖို့ ကယ်ဆယ်ရေး အဖွဲ့ဝင် ၅၀၀ လောက်က အနံ့ခံခွေးတွေရဲ့ အကူအညီနဲ့အတူ ကယ်ဆယ်ရေး လုပ်ငန်းတွေကို မနေ့ညကစပြီး လုပ်ဆောင်နေကြပါတယ်။

အပျက်အစီး အပိုင်းအစတွေလဲ နေရာအနှံ့ ပြန့်ကျဲနေပါတယ်။ အရေးပေါ် ကယ်ဆယ်ရေး လုပ်သားတွေက ရဟတ်ယာဉ်တွေ၊ သူနာတင်ယာဉ်တွေနဲ့ လူနာတွေကို ကုသပေးပါတယ်။

ပဲမက်စ် ရေနံကုမ္ပဏီရဲ့ အလုပ်သမားတွေ အလုပ်အဝင်အထွက် အပြောင်းအလဲလုပ်တဲ့ အချိန်ဖြစ်နေတာကြောင့် အဆိုးဆုံးအချိန်မှာ ဖြစ်သွားတာလည်း ဖြစ်ပါတယ်။

အလုပ်ချိန်ပြီးသွားတဲ့ အလုပ်သမားတွေက အိမ်ပြန်ဖို့ လုပ်နေချိန် ဖြစ်သလို ညနေပိုင်း အလုပ်ဝင်မယ့် အလုပ်သမားတွေကလည်း အလုပ်ကိုအလာ အဲဒီနှစ်ဖွဲ့ အဝင်အထွက် လုပ်နေတဲ့ အချိန်မှာပဲ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။

မက္ကဆီကို သမ္မတ အင်ရီးကေ ပီနား နီရဲတိုးက ပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ နေရာကို ရောက်လာခဲ့ပြီး သေဆုံးသူတွေရဲ့ ဆွေမျိုးတွေကို တွေ့ဆုံပြီး နှစ်သိမ့် အားပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ပဲမက်စ် ရေနံကုမ္ပဏီကလည်း အခုဖြစ်ရပ်အတွက် စုံစမ်း စစ်ဆေးမှုတွေကို လုပ်ဆောင်နေကြောင်း ထုတ်ပြန်ပါတယ်။

တချို့သတင်းတွေ အရတော့ လျှပ်စစ်မီး ရှော့ဖြစ်ရာက ပေါက်ကွဲမှု စတင်တာလို့ လည်း ပြောဆိုသံတွေလည်း ထွက်ပေါ်နေပေမယ့် တရားဝင် အတည်ပြုပြောကြားတာတွေ မရှိသေးပါဘူး။

ပဲမက်စ် ကုမ္ပဏီဟာ လူပေါင်း ၁ သိန်းခွဲ ကို အလုပ်အကိုင်ပေးနေတာ ဖြစ်ပြီး မက္ကဆီကို နိုင်ငံရဲ့ ဝင်ငွေ ၃၇ ရာခိုင်နှုန်းကို ရာဖွေပေးနေတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။