BBC navigation

စီအိုင်အေ လူကြီးသစ် ကြားနာပွဲ

နောက်ဆုံး ရေးသားချိန် 8 ဖေဖေါ်ဝါရီလ 2013 - 03:34 GMT
cia

Mr. Brennan ထွက်ဆိုနေချိန်မှာ ဆန္ဒထပြ

သမ္မတ ဂျော့ဒဗလျူ ဘုရှ်ခေတ်က စီအိုင်အေ အရာရှိကြီး ဟောင်း ဖြစ်တဲ့ John Brennan ကို စီအိုင်အေ ညွှန်ကြားရေးမှူး နေရာပေးဖို့ ဆီးနိတ် လွှတ်တော် ကြားနာပွဲမှာ မောင်းသူမဲ့ လေယာဉ်နဲ့ အကြမ်းဖက် သမားလို့ ယူဆသူတွေကို အရှေ့ အလယ်ပိုင်းနဲ့ အာဖဂန် နစ္စတန် နိုင်ငံတွေမှာ သတ်ဖြတ်ခဲ့မှု အတွက် အကျေအလည် ဖြေရှင်း ခဲ့ရပါတယ်။

ဂျွန် ဘရန်နန် စကားပြောဖို့ ပြင်လိုက်ချိန်မှာပဲ ကြားနာပွဲ တက်လာ နားထောင်သူတွေ ထဲက အမျိုးသမီး တယောက်က ဘရန်နန်- မောင်းသူမဲ့ ယာဉ်နဲ့ သတ်ဖြတ်မှု ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး ကျယ်ကျယ်လောင်လောင် ဟစ်အော် ဆန္ဒပြ ခဲ့ပါတယ်။

ဆီးနိတ် ရွေးချယ်ရေး ကော်မတီ ဥက္ကဋ္ဌက ဒီအမျိုးသမီးကို အမြန်ဖယ်ထုတ်ဖို့ တောင်းဆို ခဲ့ရပါတယ်။

ဆန္ဒပြသူကို ဆွဲထုတ် သွားပေမယ့်လဲ မစ္စတာ ဘရန်နန်ကို ဒီ အငြင်းပွားစရာ လူသတ် လေယာဉ် တွေနဲ့ ဆက်စပ်ပြီး ဆီးနိတ် အမတ်တွေ ဆက်လက် မေးခွန်းထုတ်တာ ခံရပါတယ်။

ယီမင်မှာ မောင်းသူမဲ့ ယာဉ်နဲ့ တိုက်ခိုက်မှု အတွင်း အယ်လ်ခိုက်ဒါနဲ့ ဆက်တဲ့ အမေရိကန် နိုင်ငံသား ၃ ယောက် သေဆုံးခဲ့ပါတယ်။

အကြမ်းဖက် သမားတွေ ချေမှုန်းရာမှာ ကြားက အပြစ်မဲ့ ပြည်သူ အရပ်သား တခြား နိုင်ငံသားတွေပါ သေဆုံး နေတယ်ဆိုတဲ့ ကိစ္စ မေးမြန်း ခံရတာပါ။

စီအိုင်အေက အကျဉ်းသားတွေ စုံစမ်း စစ်ဆေးမှုမှာလဲ လူမတန်အောင် လွန်ကဲ ကြမ်းတမ်းတဲ့ နည်းနာတွေ သုံးတယ် ဆိုတဲ့ အရေးကလဲ ဘရန်နန်ကို အဓိက ထောက်စရာ နောက်တချက်ပါ။

ဒီစစ်ဆေးမှုတွေကို သူသတိပြုမိပေမယ့် သူကိုယ်တိုင် စီစဉ်တာ၊ လက်လွန်ခြေလွန် သေကြေမှုတွေမှာ သူမပါခဲ့ဘူး ဆိုပြီး ဘရန်နန်က အစစ်ခံ ထွက်ဆိုပြန်ပါတယ်။

၅၇ နှစ် အရွယ် မစ္စတာ ဘရန်နန်ဟာ ၂ဝ၁၁ ခုနှစ် မေလက အိုစမာ ဘင်လာဒင် နေအိမ် ခြံဝင်း စီးနင်းတိုက်ခိုက်မှုမှာ စီအိုင်အေ ထိပ်တန်း အရာရှိ အဖြစ် အရေးပါတဲ့ နေရာက ပါခဲ့သူပါ။

၂၅ နှစ် ကြာ စီအိုင်အေ လုပ်သက်ရှိပြီး မြောက်အာဖရိကနဲ့ အရှေ့ အလယ်ပိုင်း အကြမ်းဖက်မှုတွေ မပြန့်နှံ့အောင် ထိန်းချုပ် ကိုင်တွယ်ခဲ့သူလို့ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။