BBC navigation

မြောက်ကိုးရီးယား နောက်ထပ် နျူ စမ်းသပ်မှုလုပ်

နောက်ဆုံး ရေးသားချိန် 12 ဖေဖေါ်ဝါရီလ 2013 - 15:51 GMT
North Korea

စမ်းသပ်မှုကို ရုပ်မြင်သံကြားကနေ ကြေငြာခဲ့

မြောက်ကိုးရီးယားက နျူကလီးယား စမ်းသပ်မှုတွေကို သုံးကြိမ်မြောက် ပြုလုပ် လိုက်ပါတယ်။

ဒီတခေါက် စမ်းသပ်မှုက အရင် ၂၀၀၉ ခုနှစ်က လုပ်ခဲ့တဲ့ စမ်းသပ်မှုထက် မြေအောက် ပေါက်ကွဲမှုအား ၂ ဆလောက် ရှိတယ်လို့ သြစတြီးယားနိုင်ငံ ဗီယန်နာ မြို့မှာရှိတဲ့ နျူကလီးယား စမ်းသပ်မှု တားဆီးရေး ဆိုင်ရာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့က ပြောပါတယ်။

ဒီစမ်းသပ်မှုအရ မြောက်ကိုးရီးယားအစိုးရအနေနဲ့ မစ်ဆိုင်းဒုံးတခုမှာ တပ်ဆင်နိုင်မယ့် ထိပ်ဖူးငယ်တခုကို ထုတ်လုပ်နိုင်ဖို့ နီးလာနေပြီလို့ အကဲခတ်တွေက ယူဆနေပါတယ်။

မြောက်ကိုးရီးယား အစိုးရကတော့ အခု လုပ်ခဲ့တဲ့ နျူကလီးယား စမ်းသပ်မှုဟာ အရင် စမ်းသပ်မှုတွေ ထက် ပိုအားပြင်းတဲ့ ပိုပေါ့ပါးတဲ့ အသေးစားပုံစံ နျူကလီးယား လက်နက် စမ်းသပ်မှုဖြစ်တယ်၊ ဒါ့ကြောင့် အနီးအနား သဘာဝ ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတွေ ရှိမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ဝေဖန်မှုတွေ ပြင်းထန်

မြောက်ကိုးရီးယားရဲ့ နျူကလီးယား စမ်းသပ်မှုနဲ့ ပတ်သက်လို့ သူ့ရဲ့ တဦးတည်းသော မဟာမိတ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကရော တခြား ကမ္ဘာ့ နိုင်ငံတွေဆီကပါ ပြင်းပြင်းထန်ထန် တုန့်ပြန် ဝေဖန်သံတွေ ပေါ်ထွက်လာခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကတော့ မြောက်ကိုးရီးယားရဲ့ ဒီ နျူကလီးယား စမ်းသပ်မှုဟာ ကုလသမဂ္ဂ ဆုံးဖြတ်ပြဌာန်းချက်ကို ထင်ထင်ရှားရှား ချိုးဖောက်လိုက်တာ ဖြစ်တယ်။

အခြေအနေတွေ မတည်မငြိမ်ဖြစ်အောင် အကြီးအကျယ် ရန်စလိုက်တဲ့ လုပ်ရပ် ဖြစ်တယ်ဆိုပြီး ရှုတ်ချ ပြောဆို လိုက်ပါတယ်။

ဗြိတိန်နိုင်ငံကလည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအနေနဲ့ ပြင်းပြင်းထန်ထန် တုန့်ပြန် အရေးယူပေးဖို့ တောင်းဆို လိုက်ပါတယ်။

နိုင်ငံတကာ ကြိုးပမ်းမှု မထိရောက်သေး

ဒါပေမယ့်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း ကြုံနေရတဲ့ အခက်အခဲကတော့ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းရာမှာ လက်ရှိအခြေအနေကနေ နောက်ထပ် ပြဿနာ ပိုကြီးမသွားအောင် ဘယ်လို တုန့်ပြန်မလဲဆိုတဲ့ အချက်ဖြစ်ပါတယ်။

မြောက်ကိုးရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အမျိုးမျိုး လုပ်ခဲ့ပြီးဖြစ်ပေမယ့် ထိရောက်တဲ့ ပုံမျိုး မတွေ့ခဲ့ရပါဘူး။

တခါ နိုင်ငံတကာ ပါဝင်တဲ့ စေ့စပ် ညှိနှိုင်းမှုတွေ အကြိမ်ကြိမ် အဖန်ဖန် လုပ်ခဲ့ပေမယ့်လည်း လိုက်တမ်း ပြေးတမ်း ကစားတဲ့ အသွင်မျိုးပဲ ဆောင်နေပြီး မြောက်ကိုးရီးယားရဲ့ နျူးကလီးယား လက်နက်ထုတ်လုပ်ရေး စီမံကိန်းလုပ်ဆောင်မှုတွေအပေါ် ထိထိရောက်ရောက် တားဆီးနိုင်စွမ်း မရှိခဲ့ပါဘူး။

အခုအခါမှာ မြောက်ကိုးရီးယားရဲ့ စီးပွားရေး အကျိုးစီးပွားကို အဓိက ပစ်မှတ်ထားပြီး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ကောင်းလုပ်ဖို့ အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ် တချို့က ပြောနေပေမယ့် တကယ်တမ်း ဖိအားပေးနိုင်တာက တရုတ်နိုင်ငံကပဲလို့ ယူဆရပါတယ်။

ဒီလို အခြေအနေမျိုးမှာ မြောက်ကိုးရီးယား အစိုးရအနေနဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးကို အာခံပြီး အခုလို နျူကလီးယား စမ်းသပ်မှုတွေ လုပ်လိုက်တာဟာ တရုတ် အစိုးရ ခေါင်းဆောင်သစ်တွေ အပေါ် လူသိရှင်ကြား သွေးတိုးစမ်းလိုက်တာပဲလို့ ဘီဘီစီ သတင်းထောက်တွေက သုံးသပ် နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။