BBC navigation

ရုရှမှာ ဥက္ကာပျံတွေ လင်းထိန်ပြီး ကျ

နောက်ဆုံး ရေးသားချိန် 15 ဖေဖေါ်ဝါရီလ 2013 - 15:17 GMT
meteor russia

ဥက္ကာပျံတွေ ကျလာလို့ ရုရှမှာ လူတွေ ရာနဲ့ချီ ထိခိုက်ဒဏ်ရာ ရကုန်ပါတယ်။

ရုရှားနိုင်ငံ ယူရဲလ် တောင်ပေါ်ဒေသမှာ ဥက္ကာပျံ ကြွေကျပြီး အနည်းဆုံး လူပေါင်း ၅၀၀ ဒဏ်ရာ ရခဲ့ပါတယ်။ အလွန်ကြီးမားတဲ့ မီးလုံးကြီးတလုံး ရုတ်တရက် ကျလာပြီး နေ့လည်နေ့ခင်း အလင်းရောင်လိုမျိုး လင်းထိန်သွားတာလည်း ဖြစ်ပါတယ်။

ပေါက်ကွဲသံကြီးကလည်း သိပ်ပြင်းထန်သလို အသံက သိပ်ကျယ်လွန်း ပြင်းလွန်းလို့ ပြတင်းတံခါး တွေတောင် ကွဲကုန်ပါတယ်။

မီးလုံးကြီးရဲ့ နောက်မှာ အဖြူရောင် နဲ့ အဝါရောင် ရောနေတဲ့ မီးခိုးတန်းရှည်ကြီးကိုလည်း မြင်ရပါတယ်။ ဂျက်လေယာဉ်တွေ ပျံသန်းသွားတဲ့အခါ နောက်မှာကျန်ခဲ့တဲ့ အဖြူရောင်မီးခိုးတန်းလိုမျိုးပါ။ ဒါပေမဲ့ ဂျက်လေယာဉ် မီးခိုးတန်းထက် အဆပေါင်းများစွာ ပိုများပါတယ်လို့ ကိုယ်တိုင် မြင်တွေ့လိုက်ရသူ တယောက်က ပြောပါတယ်။

အဲဒီ မီးလုံးကြီး ကျလာတဲ့နေရာက ယူရဲလ် တောင်ပေါ်က ယက်ကာ တာရင်ဘတ် မြို့မှာပါ။ ကပ်ရက် ချယ်လျာဘင့်စ်က် မြို့နဲ့ ကပ်နေတဲ့ ချယ်ဘာကူးရေကန်နားမှာ ကျလာတာပါ။ တကယ်တော့ အဲဒီမီးလုံးကြီးဟာ ကမ္ဘာမြေပေါ်ကို ရှားရှားပါးပါး ကျလာတဲ့ ဥက္ကာပျံကြီးလို့ ဆိုပါတယ်။

များသောအားဖြင့် ဥက္ကာပျံတွေဟာ ကမ္ဘာ့လေထု အတွင်းအထိ သိပ်ရောက်မလာတတ်ပါဘူး။ အခုဥက္ကာပျံကြီးကတော့ ကမ္ဘာ့လေထုရဲ့ အောက်ပိုင်းမှာ တစိတ်တပိုင်း မီးလောင်ကျွမ်းပြီး ပြုတ်ကျလာတာဖြစ်တဲ့ အတွက် သူ့ရဲ့ အပိုင်းအစတွေဟာ မြေပြင်ပေါ်အထိ ရောက်လာတာလို့ ရုရှားအရာရှိတွေက ပြောပါတယ်။

ဒဏ်ရာရသူပေါင်း ၅၁၄ ယောက်၊ ဆေးရုံတင်ထားရတဲ့သူက ၁၁ ယောက် ဖြစ်ပြီး အများစုဟာ ကွဲရှ ဒဏ်ရာနဲ့ ညိုမည်း ရောင်ရမ်းတဲ့ ဒဏ်ရာရသူတွေ ဖြစ်ကြပါတယ်။

ထိခိုက်ဒဏ်ရာရသူ အများစုဟာ ကလေးတွေဖြစ်ပြီး မနက် ၉ နာရီ မိနစ် ၂၀ အချိန် စာသင်ကျောင်းမှာ စာသင်နေတဲ့ ကလေးတွေအပေါ် အစိတ်အပိုင်းတချို့ ကျရောက်ခဲ့လို့ ကလေး အများအပြား ဒဏ်ရာရခဲ့ကြတာဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။