BBC navigation

ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့၀င်တွေ ဆီးရီးယားမှာ ပြန်ပေးဆွဲ ခံရ

နောက်ဆုံး ရေးသားချိန် 7 မတ်လ 2013 - 00:56 GMT

အင်တာနက် ပေါ်မှာ တွေ့ရတဲ့ ပြန်ပေးဆွဲသူ ဆီးရီးယာ လက်နက်ကိုင် သူပုန်တွေ

ဆီးရီးယား က ဂိုလန် ကုန်းမြင့် ဒေသမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် အယောက်နှစ်ဆယ်ကို လက်နက်ကိုင် သူပုန်တွေက ဖမ်းသွားခဲ့ပါတယ်။

အဖမ်းခံရတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဖိလစ်ပိုင် လူမျိုးတွေ ဖြစ်တယ်လို့ သတင်းရရှိပြီး သူတို့အားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တောင်းဆို လိုက်ပါတယ်။

အင်တာနက်ပေါ်မှာ မြင်ရတဲ့ ဗီဒီယိုတွေ အရ ကုလသမဂ္ဂ တပ်ဖွဲ့ဝင်တွေ ပါတဲ့ ရပ်ထားတဲ့ ကားတွေ ရှေ့မှာ သေနတ် သမားတွေက ရပ်နေတာ တွေ့ရပါတယ်။

လူထုနဲ့ သူတို့အပေါ် ဆီးရီးယား အစိုးရတပ်တွေက အမြှောက် ဗုံးဆန်တွေ ကြဲချနေတာ ရပ်သွားအောင် ကြိုးစားတဲ့ အနေနဲ့ အခုလို ကုလသ မဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တွေကို ဓါးစားခံတွေကို ဖမ်းရတာပါလို့ ပြန်ပေးဆွဲ အဖွဲ့ခေါင်းဆောင်က ဘီဘီစီကို ပြောပါတယ်။

ဆီးရီးယား အဓိက လက်နက်ကိုင် သူပုန်အဖွဲ့ ဖြစ်တဲ့ လွတ်လပ်တဲ့ ဆီးရီးယား တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆလင်းမ် အစ်ဒရစ်စ် ကတော့ ဒီပြန်ပေးဆွဲမှုကို ရှုတ်ချတယ်လို့ ဘီဘီစီနဲ့ တွေ့ဆုံ မေးမြန်းခန်းတခုမှာ ပြောသွားခဲ့ပါတယ်။

တချိန်တည်းမှာ ဗြိတိန်က ဆီးရီးယား လက်နက်ကိုင် သူပုန်တွေကို အကူအညီတွေ ဆက်တိုးပေးသွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဝီလီယမ် ဟိတ်ခ် က ပြောကြားလိုက်ပါတယ်။

ဆီးရီးယား အတိုက်အခံ လက်နက်ကိုင် သူပုန်တွေကို စစ်တပ်သုံး မော်တော်ကားတွေ ၊ လက်နက်တင် ယာဉ်တွေကို ထောက်ပံ့သွားမှာ ဖြစ်သလို လက်နက်နဲ့ လေ့ကျင့်သင်ကြားမှုတွေလည်း ဖြည့်ဆည်း ပေးမယ်လို့ မစ္စတာ ဟိတ်ခ်က ဆိုပါတယ်။

အာရပ်အဖွဲ့ချုပ် အတွင်းမှာလည်း အနောက်အုပ်စုက ထောက်ခံတဲ့ အတိုက်အခံ ညွှန့်ပေါင်း အဖွဲ့ကို ဆီးရီးယား နိုင်ငံ ကိုယ်စားပြု အဖွဲ့အဖြစ် တနေရာပေး ခဲ့ပါတယ်။

အစောပိုင်းတုန်းကလာတဲ့ သတင်းတွေ အရ ဆီးရီးယား နိုင်ငံအပေါ် လက်နက်ရောင်းချမှု ပိတ်ပင်ထားတာကို ပြန်ဖွင့်ပေးဖို့ လက်နက်ကိုင် သူပုန် အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ဆလင်းမ် အစ်ဒရစ်စ်က ဥရောပ နိုင်ငံတွေကို ပန်ကြားခဲ့ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။