BBC navigation

ဆိုက်ပရပ်ဘဏ်တွေထဲ ငွေအပ်သူတွေ ဆီက ၁၀ရာခိုင်နှုန်း အခွန်ဖြတ်ယူ

နောက်ဆုံး ရေးသားချိန် 17 မတ်လ 2013 - 01:13 GMT
cyprus

ဖွင့်နေသေးတဲ့ ဘဏ်ခွဲတခု ကနေ ငွေပြန်ယူ ကြဖို့ စီတန်း နေကြသူတွေ

ဆိုက်ပရပ် မှာ ဘဏ်ထဲ ငွေထားမိတဲ့ သူတိုင်း ဆီက အခွန် ၁၀ရာခိုင်နှုန်း ဖြတ်ယူမယ် ဆိုလို့ လူတွေ အကြီးအကျယ် အံ့သြ ဒေါသ ထွက်နေကြပါတယ်။

စနေနေ့က လူတွေ ငွေပြန်ထုတ်ဖို့ ကြိုးစား ကြ တော့လည်း ဘဏ်တွေ ထဲက တဘဏ် ဖြစ်တဲ့ သမဝါယမ ဘဏ် က အေတီအမ် တွေ ပဲ ငွေထုတ် ခွင့်ပေးထားလို့ အဲဒီမှာ လူတွေ တန်းအရှည်ကြီး စီ ပြီး ငွေထုတ်ယူ နေကြတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း သိတ်မကြာပါဘူး အဲဒီ ဘဏ် က အေတီအမ်တွေ လည်း ပိတ်သွား ပါတော့တယ်။

လိုင်မက်စ ဆော အရပ် က ဘဏ်တခုနား ကို လူတယောက် က သူ့ ဘူဒိုဇာ ကြီး နဲ့မောင်းရောက်လာပြီး ဘဏ်ကို တိုက်ဖြိုပစ်မယ့် အထိ ပေါက်ကွဲ ခဲ့ပါတယ်။

ကြွေးပိနေတဲ့ ဆိုက်ပရပ် က ဘဏ် ၂ ခု ကို ကယ်တင်ဖို့ ကို အီးယူ ဥရောပ သမဂ္ဂ က ယူရို ၁၀ ဘီလီယံ ချေးငွေ ထုတ်ကူမယ် ဆိုတဲ့ အခွင့်အရေး ကို ရဖို့အတွက် ဆိုက်ပရပ် အနေနဲ့ အီးယူ ကို အခု အစီအစဉ် လုပ်ပေး ပါ့မယ် လို့ သဘောတူ ခဲ့ရပါတယ်။

လူတိုင်းရဲ့ ဘဏ်စာရင်း ထဲ ကနေ ၁၀ ရာခိုင်နှုန်း ထုတ်ယူမယ် ဆိုတဲ့ အစီအစဉ် အသေးစိတ် ကို ကြည့်ရင်တော့ လူတယောက် က ယူရို တသိန်း အောက် ပမာဏ ရှိတဲ့ ငွေကို ဘဏ်မှာ အပ်ထားရင် အဲဒီ ငွေထဲ က ၆ ဒဿမ ၇၅ ရာခိုင်နှုန်း အခွန် အဖြစ် ဖြတ်ယူလိုက်မယ်။

ယူရို တသိန်း ထက် ကျော်တဲ့ ငွေ တွေ အပေါ်မှာတော့ ၉ ဒဿမ ၉ ရာခိုင်နှုန်း အခွန် အဖြစ် သိမ်းလိုက်မယ် ဆိုတဲ့ အစီအစဉ်ပါ။

ဆိုက်ပရပ် ရဲ့ ငွေကြေး အကြပ်အတည်း ကို ကိုင်တွယ်ပေးပါ့မယ် ဆိုတဲ့ ဂတိနဲ့ လွန်ခဲ့တဲ့ လ က အာဏာရလာတဲ့ သမ္မတ နီကိုစ့် အက်နက်စတာ ဆီရာဒက်စ က ဘဏ်တွေ ဒေဝါလီ မခံရဖို့ ဒီ နာကျင်တဲ့ ခြေလှမ်း ကို လှမ်းရမှာပဲ လို့ ဆိုပြီး ဒီအစီအစဉ် ကို ကာကွယ် ပြောခဲ့ပါတယ်။

ယူရို ငွေကြေး အကြပ်အတည်း ဖြစ်ခဲ့တဲ့ နိုင်ငံတွေထဲ ဆိုက်ပရပ် က ၅ ခုမြောက် နိုင်ငံပါ။

ဂရိ အိုင်ယာလန် စပိန် ပေါ်တူဂီ တို့ ပြဿနာ တက်ပြီးတော့ ဆိုက်ပရပ် က လိုက်ခဲ့တာပါ။

အထူးသဖြင့် ဆိုက်ပရပ် ရင်းနှီးမြှုပ်နှံသူတွေ က ဂရိဘဏ် တွေ မှာ အပ်ကြတာများ ပြီး ဂရိဘဏ် တွေ ပြို အဆင်း သူတို့လည်း ပြဿနာ ကြုံခဲ့ရ တော့တာ ပါပဲ။

အခု အီးယူရဲ့ ၁၀ရာခိုင်နှုန်း တကြိမ်တည်း မှာပဲ အခွန် ဖြတ်လိုက်တဲ့ ကိစ္စ က ဓားပြတိုက် လိုက်တာ ပဲလို့ ခိုင်းနှိုင်း ကြသူတွေလည်း ရှိပါတယ်။

ဆိုက်ပရပ် ဘဏ်မှာ ကိုယ်တသက်လုံး ရှာဖွေ စုဆောင်း ထားတာ ကို ထည့်ထား မိသူ တွေ က အခုလို ရင်ဖွင့်ကြတာပါ။

အီးယူ ဘက်ကတော့ ဒီဆိုက်ပရပ် ဘဏ်တွေ မှာ အများစု အပ်ထားကြသူတွေ က ရုရှ ကနေ ငွေမဲ ခဝါချ လိုသူတွေ ရဲ့ အပ်ငွေတွေ က အများစု လို့ ယူဆတာကြောင့် အခုလို လုပ်တာ လို့ ဘီဘီစီ စီးပွားရေး ဆိုင်ရာ အယ်ဒီတာ ရောဘတ် ပက်စတန် က ပြောပါတယ်။

ဒါပေမယ့် ရုရှ အစိုးရဘက် ကတော့ ဆိုက်ပရပ် ကို ထောက်ပံချေးထားတဲ့ ယူရို ၂ဒဿမ ၅ ဘီလီယံ ချေးထားတဲ့ ကာလ ကို ထပ်ပြီး တိုး ပေးလိမ့်မယ် လို့ အများ က တွက်ဆ နေကြပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။