တောင်အာဖရိက သမ္မတဟောင်း မန်ဒဲလား ဆေးရုံတင်ထားရ

Image caption မန်ဒဲလား ဆေးရုံပြန်တင်ထားရ

တောင်အာဖရိကသမ္မတဟောင်း နယ်လဆင်မန်ဒဲလားကို အဆုတ်ပိုးဝင်တဲ့ ရောဂါ ပြန်ဖြစ်လာတာကြောင့် ဆေးရုံတင်ထားရတယ်လို့ တောင်အာဖရိက အစိုးရက ပြောပါတယ်။

အစိုးရ ထုတ်ပြန်ချက်ထဲမှာ မနေ့ညက ဆေးရုံတင်လိုက်ရတယ်လို့သာ ဖေါ်ပြထားပြီး အသေးစိတ်ဖေါ်ပြခြင်း မရှိပါဘူး။

အသက် ၉၄ နှစ်ရှိပြီဖြစ်တဲ့ မစ္စတာ မန်ဒဲလားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း အဆုတ်ပိုးဝင်တဲ့ ရောဂါ၊ သည်းခြေကျောက်တည်တဲ့ရောဂါတွေကြောင့် ဆေးရုံကို ၁၈ ရက်လောက် တက်ခဲ့ရပါသေးတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် နယ်လ်ဆင်မန်ဒဲလားကို တောင်အာဖရိကနိုင်ငံရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေးကို ဦးဆောင်ခဲ့တဲ့ နိုင်ငံ့ဖခင် အဖြစ် အများက သတ်မှတ်ကြပါတယ်။

တောင်အာဖရိကမှာ အသားအရောင်ခွဲခြားတဲ့ကာလ သူ့ရဲ့ အသားအရောင်ခွဲခြားမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွေကြောင့် ၁၉၆၄ ခုနှစ်မှာ ဖမ်းဆီးခံရပြီး တသက်တကျွန်းထောင်ဒဏ်ကျခံခဲ့ရပါတယ်။

၁၉၉၀ ပြည့်နှစ်မှာ သူ့ကို အစိုးရက ပြန်လွှတ်ပေးခဲ့ပြီးနောက် သူဟာ အဲဒီအချိန်က တောင်အာဖရိက သမ္မတ ဒီကလပ်နဲ့ လက်တွဲပြီး၊ အသားအရောင်ခွဲခြားမှု ချုပ်ငြိမ်းရေး ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆောင်ရွက်ခဲ့ပါတယ်။

၁၉၉၄ ခု ရွေးကောက်ပွဲမှာ သူ့ရဲ့ အာဖရိကန်နေရှင်းနယ် ကွန်ဂရက်ပါတီ အနိုင်ရတဲ့အတွက် ပထမဆုံး လူမဲသမ္မတအဖြစ် ၁၉၉၉ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

သူသမ္မတတာဝန်ယူစဉ်ကာလမှာ အတိတ်က လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ အမှန်တရားနဲ့ ပြန်လည်သင့်မြတ်ရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပါတယ်။

မန်ဒဲလားဖေါင်ဒေးရှင်းနဲ့ သူဟာ လူမှုရေး အကူအညီပေးလုပ်ငန်းတွေကို ဆောင်ရွက်နေခဲ့တာ ၂၀၀၄ ခုနှစ်အထိဖြစ်ပါတယ်။