မြောက်ကိုရီးယားက စစ်ဖြစ်ဖို့လမ်းကိုဦးတည်နေ

ယုံဗြောင်း နျူကလီးယားစက်ရုံ
Image caption ယုံဗြောင်း နျူကလီးယားစက်ရုံ

အမေရိကန်နဲ့ နိုင်ငံတကာရဲ့ ဆောင်ရွက်ချက်ကို မြောက်ကိုရီးယားရဲ့ နျူးကလီးယား စီမံကိန်း ပြန်စမယ် ဆိုတဲ့ ကြေညာချက်က ပြောင် ဆန့်ကျင် လိုက်တယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ ယုံဗြောင်း စီမံကိန်း ပြန်စဖို့ ဆိုတာ အချိန်ယူ ရဦးမှာပါ။ နျူးကလီးယား စက်ရုံအတွက် အအေးပေး စနစ်ကို ပြန်လည် တပ်ဆင်ဖို့ လိုသလို၊ ဓါတ်ပေါင်းဖို အတွက် လောင်စာ ဖြည့်တဲ့ အလုပ်ကိုလည်း လုပ်ရ ပါမယ်။ ဒီတော့ နျူးကလီးယား စက်ရုံ ပြန်ပြီး လည်ပတ်နိုင်တဲ့ အဆင့်ထိ ရောက်ဖို့ ဆိုရင် အနည်းဆုံး ၆ လ ကနေ တနှစ် အထိ အချိန်ယူ ရဦးမှာ ဖြစ်ပါတယ်။

ယုံဗြောင်း စက်ရုံဟာ နျူးကလီးယား လက်နက် အတွက် အသင့် အသုံးပြု နိုင်မယ့် ပလူတိုနီယံတွေကို ထုတ်လုပ်ပေး နိုင်မယ့် စက်ရုံ ဖြစ်ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားဟာ နျူးကလီးယားနဲ့ ပတ်သက်ပြီး ဘယ်လောက် အထိ ခရီးရောက် နေပြီလဲ။ မြောက်ကိုရီးယားရဲ့ ယူရေနီယံ သန့်စင် နိုင်စွမ်းနဲ့ ပတ်သက် ပြီး မြောက်ကိုရီးယား အစိုးရ ဘက်က ပြောကြား ချက်တွေ ကလည်း မပြည့်စုံတဲ့ အတွက် နိုင်ငံ တကာ ကျွမ်းကျင် သူတွေလည်း မခန့်မှန်း နိုင်ကြပါဘူး။

ယူရေနီယံ သန့်စင်တဲ့ စက်ရုံတွေ ဘယ်လောက် များများကို မြောက်ကိုရီးယားက လျှို့ဝှက် ဆောက်လုပ်ထား သလဲ ဆိုတဲ့ အချက်ကိုလည်း ဘယ်သူမှ မသိကြ သလို မြောက်ကိုရီးယား လက်ထဲမှာ သန့်စင်ပြီးသား ပစ္စည်း ပမာဏ ဘယ်အတိုင်း အတာထိ ရှိသလဲ ဆိုတာ ကိုလည်း ဘယ်သူမှ မသိကြပါဘူး။ ဒါပေမဲ့ မြောက်ကိုရီးယားနဲ့ ခြောက်ပါတီ အဖွဲ့ နောက်ဆုံး ဆွေးနွေး ခဲ့ကြတဲ့ ၂၀၀၇ ခုနှစ်ဟာ ခုဆိုရင် ၆ နှစ်ကြာခဲ့ပါပြီ။ ဒီ ၆ နှစ်ကာလ အတွင်းမှာ မြောက်ကိုရီးယားရဲ့ မစ်ဇိုင်း ဒုံးကျည် နည်းပညာက သိသိ သာသာ တိုးတက် လာခဲ့ ပါတယ်။

မစ်ဇိုင်းနည်း ပညာ တိုးတက် လာတယ် ဆိုတာ တနည်းအားဖြင့် ပြောရရင် နျူးကလီးယား ထိပ်ဖူး တပ်ဆင်ပြီး ပစ်ခတ် နိုင်တဲ့ ဒုံးကျည် နည်းပညာ တိုးတက် အဆင့်မြင့် လာတာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယား အပေါ် ကုလသမဂ္ဂရဲ့ တိုးမြှင့် ပိတ်ဆို့ မှုနဲ့ တောင်ကိုရီးယားနဲ့ အမေရိကန် တို့ရဲ့ နှစ်စဉ် လုပ်နေကျ ပူးတွဲ စစ်ရေး လေ့ကျင့် မှုဟာ မြောက်ကို ရီးယားကို ဒေါသ ထွက်စေခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း ကတော့ ခေါင်း အေးအေးထား စဉ်းစား ကြဖို့ တိုက်တွန်း ပါတယ်။ မြောက်ကိုရီးယားနဲ့ ထိပ်တိုက် တွေ့မယ့် လမ်းကြောင်း ပေါ်ကို မရောက် သင့်ကြောင်း ပြောသလို နျူးကလီးယား ခြိမ်းခြောက်မှု ဆိုတာဟာ အလျှော့ အတင်း လုပ်ပြီး ကစား ရမယ့် ကစားပွဲမျိုး မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ