နေတိုးတိုက်ခိုက်မှု အာဖဂန်ကလေး ၁၀ ဦး သေဆုံး

အာဖဂန် နစ္စတန် နိုင်ငံ ကူနာ ပြည်နယ် ရှီဂဲလ် ဒေသမှာ နေတိုးရဲ့ လေကြောင်း တိုက်ခိုက် မှုကြောင့် ကလေး ဆယ်ယောက်နဲ့ အမျိုး သမီး နှစ်ယောက် စုစုပေါင်း ၁၂ ယောက် သေဆုံး ခဲ့ပြီး နောက်ထပ် တခြား အမျိုးသမီး ၆ ယောက်လည်း ဒဏ်ရာ ရခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ တတွေဟာ သူတို့ အိမ်မှာ ရှိနေစဉ် အခုလို တိုက်ခိုက် ခံရပြီး သေဆုံး ခဲ့တာလို့ ရွာသားတွေနဲ့ အစိုးရ အရာရှိ တွေက ပြောပါတယ်။ သူတို့ အိမ်မှာ ရှိနေစဉ် လေကြောင်း တိုက်ခိုက် မှုကြောင့် အိမ်ခေါင် မိုးတွေ ပြိုကျပြီး သေဆုံးခဲ့ ကြရ တာလို့ ဆိုပါတယ်။

နေတိုးဘက် ကတော့ ရှီဂဲလ် ဒေသမှာ လေကြောင်းက နေ ပစ်ခတ် ကူညီ ခဲ့တာ ရှိပေမဲ့ အရပ်သား သေဆုံးမှု ရှိကြောင်း သူတို့ကို သတင်းပို့ ထားတာ မျိုးတော့ မရှိဘူး လို့ ဆိုပါတယ်။ စနေနေ့ မှာလည်း လေကြောင်း တိုက်ခိုက်မှု ရှိခဲ့ပြီး အဲဒီ တိုက်ခိုက်မှုကြောင့် တာလီဘန် သူပုန် ၈ ယောက် သေဆုံး ခဲ့တယ်လို့ ဒေသခံ အရာရှိ တယောက်က ပြောပါတယ်။

ဒါ့အပြင် ရွာသုံးရွာမှာ ရှိတဲ့ အိမ် တချို့လည်း လေကြောင်း တိုက်ခိုက်မှုကြောင့် ခေါင်မိုးတွေ ပြိုကျ ခဲ့တယ်လို့ ဆိုပါတယ်။ အခု လေကြောင်း တိုက်ခိုက်မှုဟာ အမေရိကန်နဲ့ အာဖဂန်နစ္စတန် ကုန်းကြောင်း တပ်ဖွဲ့တွေ အတွက် လေကြောင်း ကနေ ပစ်ခတ် ကူညီပေးတာ ဖြစ်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုတွေကို စနေ မနက်ခင်းမှာ စတင်ခဲ့ပြီး အနည်း ဆုံး ၇ နာရီ ဆက်တိုက် ပြုလုပ် ခဲ့တယ်လို့ တာလီဘန် ခေါင်းဆောင် ဟာဂျီ မလိကာ ဂျန်က ဘီဘီစီကို ပြောပါတယ်။ ဒါ့အပြင် တာလီဘန်နဲ့ နေတိုးတပ်ဖွဲ့တွေ ပြင်းပြင်း ထန်ထန် နဲ့ အပြန် အလှန် ပစ်ခတ် ခဲ့ကြတယ် လို့လည်း သူက ဆိုပါတယ်။

အခု တိုက်ခိုက်မှုတွေ ဖြစ်ပွားတဲ့ နေရာဟာ ပါကစ္စတန် နယ်စပ်နဲ့ အလွန် နီးပြီး ပါကစ္စတန် နိုင်ငံသား တာလီဘန်တွေလည်း တိုက်ခိုက် မှုမှာ ပါဝင်တယ်လို့ ဆိုပါတယ်။

နေတိုးက ထုတ်ပြန်တဲ့ ကြေညာချက် တခုထဲ မှာတော့ နေတိုး နိုင်ငံတကာ တပ်ဖွဲ့တွေဟာ မြေပြင် တိုက်ပွဲ ထဲမှာ မပါဘူးလို့ ဆိုပါတယ်။ လေကြောင်း ကနေသာ ပစ်ခတ် ကူညီခဲ့တာလို့ ဆိုပါတယ်။ မြေပြင် တိုက်ခိုက်မှု မှာတော့ အရပ်သား တချို့ ထိခိုက် ဒဏ်ရာ ရတယ်လို့ သတင်းရ ပေမဲ့ အရပ်သား သေဆုံးမှု မရှိဘူး လို့လည်း ဆိုပါတယ်။

သူတို့ နေတိုး နိုင်ငံ တကာ တပ်ဖွဲ့ အနေနဲ့ အရပ်သား သေဆုံးမှု မှန်သမျှကို အလေးနက်ထား ကိုင်တွယ် နေကြောင်းနဲ့ အခု ဖြစ်ရပ်နဲ့ ပတ်သက်ပြီးလည်း စုံစမ်း စစ်ဆေး မယ်လို့ ဆိုပါတယ်။

အရပ်သား သေဆုံးမှု တွေဟာ ဟာမစ် ကာဇိုင်း ဦးဆောင်တဲ့ အာဖဂန် အစိုးရနဲ့ နေတိုး မဟာမိတ်တွေ အကြား အဓိက အငြင်းပွား ရဆုံး ပြဿနာ တခုဖြစ်ပါတယ်။ နေတိုး နိုင်ငံ တကာ တပ်ဖွဲ့ တွေဟာ ၂၀၁၄ ခုမှာ အာဖဂန် နစ္စတန် နိုင်ငံ ကနေ ထွက်ခွာဖို့ ပြင်ဆင် နေတာလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ