လေဒီသက်ချာ ကွယ်လွန်သွားတဲ့အပေါ် တုံ့ပြန်သံများ

Image caption ဘုရင်မကြီးက အလွန် ဝမ်းနည်း တယ်လို့ ဘာကင်ဟမ် နန်းတော်က ထုတ်ပြန် ကြေညာ

ဗြိတိန်ရဲ့ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် မာဂရက်သက်ချာ ကွယ်လွန် တဲ့ပေါ် ပထမဆုံး တုံ့ပြန် လိုက်တဲ့ သူကတော့ အလစ်ဇဘက် ဘုရင်မကြီးပဲ ဖြစ်ပါ တယ်။

အခု သတင်းကို ကြားရလို့ ဘုရင်မကြီးက အလွန် ဝမ်းနည်း တယ်လို့ ဘာကင်ဟမ် နန်းတော်က ထုတ်ပြန် ကြေညာ လိုက်ပြီး မိသားစုကို ဝမ်းနည်းကြောင်း သီးခြား သဝဏ်လွှာ ပို့မယ်လို့ နန်းတော်က ပြောပါ တယ်။

အမေရိကန် သမ္မတ ဘာရက် အိုဘားမားက လေဒီ သက်ချာဟာ အမေရိကန်ရဲ့ မိတ်ဆွေစစ် တဦး ဖြစ်ကြောင်း ဖေါ်ပြ ပြောဆို လိုက်ပြီး၊ လွတ်မြောက်ရေးနဲ့ လွတ်လပ်မှုတွေ အတွက် ကြီးမြတ်တဲ့ ခေါင်းဆောင် တဦးကို ကမ္ဘာကြီးဟာ ဆုံးရှုံး သွားခဲ့ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

တောင်အာဖရိက သမ္မတဟောင်း ဒီကလပ် ကလည်း သူ့နိုင်ငံမှာ ငြိမ်းချမ်းစွာ အသွင် ကူးပြောင်း ခဲ့တဲ့ အာဏာ အပြောင်း အတွက် မာဂရက် သက်ချာရဲ့ ကူညီ ပံ့ပိုး မှုတွေဟာ တန်ဖိုး မဖြတ်နိုင်ဘူးလို့ ဆိုပါတယ်။

ပြည်ပကို ရောက်နေတဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင် မရွန်က စပိန် နိုင်ငံ ကနေ ခရီးစဉ် ချက်ခြင်း ရပ်ပြီး ပြန်လာဖို့ ရှိပါတယ်။ ဝန်ကြီးချုပ်ရဲ့ ဒေါင်းနင်းလမ်း တွစ်တာ စာမျက်နှာမှာ လေဒီ သက်ချာ ကွယ်လွန်တာ ကြားရလို့ အလွန် စိတ်မကောင်း ဖြစ်ရတယ် တိုင်းပြည်ရဲ့ ခေါင်းဆောင်ကြီး တယောက် ဆုံးရှုံးတာလို့ ရေးထား ပါတယ်။

အိန္ဒယ ဝန်ကြီးချုပ် ဒေါက်တာ မန်းမိုဟန် မက်ဆင်း ကလည်း သူဟာ ယူကေ နိုင်ငံ အတွက် ပြည်တွင်းရော နိုင်ငံ တကာ မှာပါ အရေးကြီးတဲ့ တိုးတက်မှုတွေ အပြောင်း အလဲတွေ လုပ်ပေးသူ ဖြစ်တယ်၊ အိန္ဒိယ ပြည်သူတွေက ဗြိတိန် အစိုးရ ရော နိုင်ငံသား တွေကိုပါ ကျနော်နဲ့ အတူ ဝမ်းနည်းကြောင်း ပြောလိုတယ်လို့ ပြောပါ တယ်။

ခေတ်ပြိုင် နိုင်ငံရေး သမားတွေ ထဲကဆို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဟင်နရီ ကင်ဆင်းဂျား အပါ အဝင် နိုင်ငံ တကာက တုံ့ပြန်မှုတွေ အများ အပြား ထွက်လာခဲ့ပါတယ်။

သက်ချာရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Lord Bellu ကလည်း ဒုတိယ ကမ္ဘာစစ် အတွင်း ချာချီရဲ့ ခေါင်းဆောင်မှုကို ဂုဏ်ပြုရမှာ ဖြစ်ပေမယ့် သက်ချာလို ခေါင်းဆောင် မျိုး နောက်ထပ် တွေ့ရဖို့ မလွယ်ဖူးလို့ ပြောသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ