မြောက်ကိုးရီးယားကို နျူ အင်အားကြီးအဖြစ် လက်မခံ

Image caption လိုအပ်ရင် မဟာမိတ်နိုင်ငံတွေကို အကာ အကွယ် ပေးသွားမယ် လို့ John Kerry ပြော

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က မြောက်ကိုးရီးယားအစိုးရက အခုနှစ် အစောပိုင်း တုန်းက တတိယ အကြိမ်မြောက် နျူကလီးယား စမ်းသပ်မှု လုပ်ခဲ့ပေမယ့် မြောက်ကိုးရီးယားနိုင်ငံကို နျူကလီးယား အင်အားကြီး နိုင်ငံအဖြစ် လက်ခံ သတ်မှတ်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

တောင်ကိုးရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်ရှိနေစဉ်မှာ မစ္စတာ Kerry က မြောက်ကိုးရီးယားရဲ့ လတ်တလော ခြိမ်းခြောက်မှုတွေဟာ လက်ခံနိုင်ဘွယ် မရှိကြောင်းနဲ့ လိုအပ်လာရင် အမေရိကန် အစိုးရအနေနဲ့ မဟာမိတ်နိုင်ငံတွေကို အကာအကွယ်ပေးသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။

မြောက်ကိုးရီးယား အစိုးရက မစ်ဆိုင်းဒုံး လွှတ်တင်ဖို့ ရှိနေတယ်လို့ အများက ယူဆနေကြပြီး ဒီလို မစ်ဆိုင်းဒုံး လွှတ်တင်ခြင်းအားဖြင့် နဂို ဆိုးဝါးနေပြီးသား အခြေအနေကို ပိုဆိုးသွားစေမယ်လို့ မစ္စတာ Kerry က ဖြည့်စွက် ပြောသွားပါတယ်။

အခုအခါ မြောက်ကိုးရီးယားဟာ သူ့ရဲ့ မစ်ဆိုင်းဒုံးတချို့မှာ နျူကလီးယား ထိပ်ဖူးတပ်နိုင်တဲ့ နည်းပညာ ရှိနေနိုင်ဘွယ် ရှိတယ်လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီက ပြောပါတယ်။

နောက်ပိုင်းမှာ ဒီပြောဆိုချက်ကို တခြား အမေရိကန် တာဝန်ရှိ ပုဂ္ဂိုလ်တွေက သိပ်အရေးမကြီးသလို လုပ်ခဲ့ကြပါတယ်။