ကိုရီးယားအရေး ကန်နဲ့တရုတ် ပူးပေါင်းဖြေရှင်းမယ်

Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့

အမေရိကန် ပြည်ထောင်စုနဲ့ တရုတ် နိုင်ငံ တို့ဟာ ကိုရီးယား ကျွန်းဆွယ်မှာ နျူကလီးယား လျှော့ချရေး အတွက် အတူ တကွ လုပ်ဆောင် သွားဖို့ ရည်ရွယ်ကြောင်း ပြောကြားလိုက် ပါတယ်။

တရုတ် နိုင်ငံကို ရောက်ရှိ နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက တရုတ် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ဆွေးနွေး မှုတွေ ပြုလုပ် ခဲ့ပြီးနောက် ပြောကြား ရာမှာ တရုတ် အမေရိကန် နှစ်နိုင်ငံ အနေနဲ့ သီးခြား ဆောင်ရွက် မှုတွေ အတွက် ဆုံးဖြတ်ဖို့ နောက်ထပ် ဆွေးနွေး မှုတွေ ပြုလုပ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီ က တင်းမာ မှုတွေ တိုးပွားလာ နေတာဟာ ဘယ်သူ့ဘက် အတွက်မှ၊ အကျိုး မရှိဘူးလို့ ပြောကြား လိုက်ပြီး၊ ငြိမ်းချမ်းရေးနဲ့ နျူကလီးယား လျှော့ချရေး လုပ်ဆောင် ကြဖို့ ဆော်သြ လိုက်ပါတယ်။

တရုတ် နိုင်ငံရဲ့ မဟာမိတ် ဖြစ်တဲ့ မြောက်ကိုရီးယားကို တရုတ်တို့ အနေနဲ့ ဝိုင်းထိန်း ဖို့ကို အမေရိကန် ပြည်ထောင်စုက အစောပိုင်းက တိုက်တွန်း ထားပါတယ်။

မြောက်ကိုရီးယား တို့ဟာ အမေရိကန်ရဲ့ ဖိအား ပေးမှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ စစ်ရေး အရ လက်စားချေ မှုတွေ လုပ်သွား မယ်လို့ ခြိမ်းခြောက် နေတာ ဖြစ်ပါ တယ်။ ဒါပမယ့်လည်း တရုတ် ခေါင်းဆောင်တွေ ကတော့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး တို့အတွက် နှစ်ဘက် စလုံးမှာ တာဝန် ရှိတယ်လို့ ပြောပါတယ်။

အမေရိကန် ကတော့ မြောက်ကိုရီးယား အနေနဲ့ နျူကလီးယား လက်နက် အစီ အစဉ်ကို မစွန့်လွှတ် မချင်း ပြုံယမ်းနဲ့ နောက်ထပ် စေ့စပ် ညှိနှိုင်းတာတွေ လုပ်ဖို့ကို ကန့်ကွက် နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ