စက်မှုလုပ်ငန်းသုံး ဆီလီကွန်ကို လူမှာသုံးလို့ တရားစွဲ

Image caption ပေါက်ကွဲထွက်ကုန်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေတာကြောင့် စိတ်ပူသူတွေလည်း များပါတယ်။

အမျိုးသမီးရင်သား ခွဲစိတ်ပြုပြင်ထားသူတွေက မကျေလည်လို့ ပြင်သစ်နိုင်ငံမှာ တရားစွဲတဲ့ အမှုကို စပြီး ကြားနာနေပါတယ်။

ရင်သားကြီးထွားအောင် ထည့်သွင်းရတဲ့ ပြင်သစ် ကုမ္ပဏီ ပီအိုင်ပီ က ထုတ်လုပ်တဲ့ ဆီလီကွန်တွေဟာ လူတွေအတွက် မသင့်တော်တဲ့ စက်မှုလုပ်ငန်းသုံး ဆီလီကွန်တွေ သုံးထားတယ်လို့ ပြောပါတယ်။

အဲဒီကုမ္ပဏီက ထုတ်တဲ့ ဆီလီကွန်တွေကို တကမ္ဘာလုံးက အမျိုးသမီး သိန်းနဲ့ချီက ထည့်သွင်းထားကြပြီး ပေါက်ထွက်ကုန်တယ်၊ ကွဲထွက်ကုန်တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

ပီအိုင်ပီက အမှုဆောင်လူကြီးငါးဦးဟာ တရားစတင် ရင်ဆိုင်နေကြရပါတယ်။

တရားစွဲသူ ငါးထောင်နဲ့ ရှေ့နေ သုံးရာပါတဲ့ ပြင်သစ်နိုင်ငံရဲ့ အမှုရင်ဆိုင်မှု သမိုင်းမှာ အကြီးဆုံးအမှုတခု ဖြစ်နေလို့ မာဆေးလ်မြို့ရဲ့ စည်းဝေးပွဲခန်းမကြီးကို ငှားလို့ တရားရုံးအဖြစ်တောင် အသုံးပြုနေရတာ ဖြစ်ပါတယ်။