ဘော်စတွန် ဗုံးကွဲမှု သံသယ ဖြစ်ဖွယ် လူနှစ်ယောက် ပုံတွေ ထုတ်ပြန်

Image caption သံသယ ဖြစ်ဖွယ် လူနှစ်ယောက်ရဲ့ပုံ FBI ထုတ်ပြန်

မကြာခင်က အမေရိကန် ပြည်ထောင်စု ဘော်စတွန်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး သံသယ ရှိသူ နှစ်ယောက်ရဲ့ ဓါတ်ပုံတွေကို အမေရိကန် ထောက်လှမ်းရေး အဖွဲ့ အက်ဖ်ဘီအိုင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

အက်ဖ်ဘီအိုင်က ဓါတ်ပုံတချို့နဲ့ တကွ ဗီဒီယို ကလစ် တခုကိုပါ သူ့ရဲ့ တရားဝင် ဝက်ဘ် ဆိုက်စာမျက်နှာမှာ တင်ခဲ့ပါတယ်။

အဲဒီပုံတွေနဲ့ ဗီဒီယို ကလစ်အရ သူတို့ သံသယရှိသူ ၂ ဦးဟာ အသက်ငယ်ငယ် ရွယ်ရွယ် လူငယ် ၂ ယောက်ဖြစ်ပါတယ်။

နှစ်ယောက်စလုံး ဘေ့စ်ဘောလ် ဦးထုပ်ကိုယ်စီဆောင်းထားပြီး ကျောပိုးအိတ်ကိုယ်စီ လွယ်ထားကြပါတယ်။

ဗီဒီယို ထဲမှာ ရှေ့ကသွားတဲ့သူဟာ ရှာထိုးဦးထုပ်အမည်းကို ဆောင်းထားပြီး ကျောပိုးအိတ် အမည်းကို လွယ်ထားပါတယ်။

နေကာမျက်မှန် တပ်ထားတယ်လို့ ထင်ရပါတယ်။

နောက်က တယောက်ကတော့ ရှာထိုးဦးထုပ်အဖြူကို နောက်ပြန်ဆောင်းထားပြီး ကျောပိုးအိတ်အဖြူကို ကျောမှာ ပိုးထားပါတယ်။

အက်ဖ်ဘီအိုင် စုံထောက် ရစ်ချတ်ဒ် ဒက်စ် လော်ရီယားစ် ကသူတို့ နှစ်ယောက်မှာ လက်နက်တွေ ရှိနိုင်တယ်လို့ ယူဆရပြီး အလွန်အန္တရာယ်ကြီးသူတွေဖြစ်ပါတယ်လို့ ကြာသပတေးနေ့က ဘော်စတန် ဟိုတယ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပြောဆို သွားပါတယ်။

ထုတ်ပြန်ပြောဆိုရာမှာ သံသယရှိသူ ၁ ၊ သံသယရှိသူ ၂ လို့သာ အမည်တပ်ခေါ်ဝေါ်သွားပါတယ်။

သူတို့နှစ်ယောက်ဟာ မာရသွန်ပြိုင်ပွဲကိုလမ်းဘေးကနေ ကြည့်ရှုအားပေးနေကြတဲ့ လူအုပ်ရဲ့ နောက်မှာ လမ်းလျှောက်သွားလာနေပုံကို တွေ့ရပါတယ်။

ရဲအဖွဲ့က အနက်ရောင် ရှာထိုးဦးထုပ်နဲ့ လူကို သံသယဖြစ်ဖွယ်လူအနေနဲ့ စတင်သတိပြုမိခဲ့ပြီး နောက်ပိုင်း မှာ သေသေချာချာ စူးစမ်းရှာဖွေတဲ့အခါမှာ နောက်ထပ် ဦးထုပ်အဖြူနဲ့လူကို ထပ်တွေ့ခဲ့တာလို့ ဆိုပါတယ်။

သံသယရှိသူ နှစ်ဟာ သူ့ရဲ့ ကျောပိုးအိတ်ကို စားသောက်ဆိုင်တဆိုင်ရဲ့ ရှေ့မှာ ချထားလိုက်တာကိုလည်း ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။

ဒီလူတွေဟာ လက်နက်ကိုင်ဆောင်ထားနိုင်တဲ့ အလားအလာရှိတဲ့အတွက် အများပြည်သူတွေအနေနဲ့ ဒီလူတွေကို သိရှိရင် ကိုယ့်ဖာသာ ချဉ်းကပ်တဲ့ အလုပ်မျိုးကို မလုပ်ဖို့လည်း သတိပေးထားပါတယ်။

ဒါပေမဲ့ အက်ဖ်ဘီအိုင် ထောက်လှမ်းရေးအဖွဲ့ရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်ရှင်းလင်း ပေါ်လွင်လှပါတယ်။ သူတို့ရဲ့ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာမှာ တကယ်လို့ ဘော်စတွန် မာရသွန် ပြေးပွဲနဲ့ ပတ်သက်တဲ့

ဓါတ်ပုံတွေ ဗီဒီယိုတွေ ရိုက်ထားသူတွေရှိရင် မိမိတို့မှာ ရှိတဲ့ ဓါတ်ပုံ၊ ဗီဒီယိုတွေကို ဝက်ဘ်ဆိုက်စာမျက်နှာပေါ်မှာ တင်ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

ဘယ်လို ဓါတ်ပုံ၊ ဗီဒီယိုမျိုးမဆို သေးငယ်လွန်းတယ်၊ အရေးမပါဘူးရယ်လို့ မဆိုနိုင်ဘူးလို့လည်း ဖော်ပြထားပါတယ်။

နောက်ထပ် ခြိမ်းခြောက်အန္တရာယ်ပြုမှု လုပ်မဲ့ အရိပ်အယောင်မျိုးတော့ အထောက်အထား တွေ့ရှိမထား သေးဘူးလို့ ဆိုပါတယ်။

မကြာသေးခင်အချိန်ကပဲ သမ္မတအိုဘားမားက ဘော်စတွန် ပြေးပွဲပေါက်ကွဲမှုမှာ သေဆုံးခဲ့သူတွေရဲ့ အသုဘ အခမ်းအနားကို တက်ရောက်ခဲ့ကြပါတယ်။

ပြစ်မှု ကျူးလွန်သူတွေဟာ သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်ကို ထိုက်ထိုက်တန်တန် ခံစားကြရမယ်လို့လည်း သမ္မတက ကတိပေးခဲ့ပါတယ်။

အက်ဖ်ဘီအိုင် စုံထောက်အဖွဲ့ကတော့ ဓါတ်ပုံပါ လူတွေကို အများပြည်သူက တွေ့ရင် သိရင် ရဲကို လက်တို့ကြဖို့လည်း ဆော်သြထားပါတယ်။

အက်ဖ်ဘီအိုင် ဝက်ဘ်ဆိုက်စာမျက်နှာမှာ ဒီပုံတွေကို တင်လိုက်တင်လိုက်ချင်းမှာ ဝက်ဘ်ဆိုက်စာမျက်နှာကို ဝင်ရောက်ထိုးနှက် ဖျက်ဆီးမှုလည်း ကြုံလိုက်ရသေးတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ကဖြစ်ပွားခဲ့တဲ့ ဘော်စတွန် မာရသွန် ပေါက်ကွဲမှုမှာ လူ ၃ ယောက်သေဆုံးပြီး ၁၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စု သမိုင်းမှာ စက်တင်ဘာ ၁၁ အရေးအခင်းနောက်ပိုင်း အဆိုးဝါးဆုံး အဖြစ်အပျက်လည်း ဖြစ်ပါတယ်။