ဘင်္ဂလားဒေ့ရှ်မှာ အပျက်အစီးကြားက အသက်မသေဘဲ ကျန်သူတွေတွေ့

Image caption အဆောက်အဦး ပြိုကျလို့ သေဆုံးသွားတဲ့ အလောင်းတွေ တန်းစီ ပြင်ဆင်

ဘင်္ဂလား ဒေ့ရှ် နိုင်ငံမှာ ပြိုကျသွားတဲ့ အဆောက်အဦရဲ့ အပျက်အစီးပုံ ကြားက တနေရာမှာ အသက်ရှင် ကျန်နေတဲ့ လူတော်တော် များများကို ရှာတွေ့ခဲ့တယ်လို့ ကယ်ဆယ်ရေး ဝန်ထမ်းတွေက ပြောပြီး ဆက်လက် အသက်ရှင် ကျန်နေသူတွေကို တညလုံး ရှာဖွေ နေကြပါတယ်။

အထည်ချုပ် စက်ရုံတွေ ရှိရာ ဒီအဆောက်အဦ ပြိုကြားမှာ ပိတ်မိနေတဲ့ အသက်ရှင်ကျန်ရစ်သူ လေးဆယ်လောက် ဆီကို အောက်စီဂျင်ဗူးနဲ့ သောက်ရေတွေ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဒီ အဆောက်အဦ ပြိုကျမှုကြောင့် လူသုံးရာကျော် သေဆုံးခဲ့ပြီး ရာနဲ့ချီတဲ့ လူတွေ ပျောက်ဆုံးလျက် ရှိနေပါတယ်။

အဆောက်အဦ ပိုင်ရှင်နဲ့ စက်ရုံပိုင်ရှင်တွေကို ဖမ်းဆီး ပေးဖို့ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက လူတွေက တောင်းဆို ဆန္ဒပြခဲ့တာကို ရဲက မျက်ရည်ယိုဗုံး သုံးပြီး လူစုခွဲခဲ့ပါတယ်။

ရဲကတော့ စက်ရုံပိုင်ရှင် တယောက်နဲ့ သူ့ဇနီး အပြင် တခြား စက်ရုံပိုင်ရှင် တယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ ပြောပါတယ်။