ဘင်္ဂလားဒေ့ရှ်မှာ လူတွေ ထောင်ချီ ဆန္ဒပြ

Bangladesh Protests
Image caption ဆန္ဒပြသူ တွေကို ရဲတွေက ပစ်ခတ် နှိမ်နင်းခဲ့ ပါ တယ်

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အထည်ချုပ် စက်ရုံ အလုပ် သမားတွေ အတွက် ပိုမို စိတ်ချ ကောင်းမွန်တဲ့ အခြေ အနေတွေ ရအောင် လုပ်ပေးဖို့ တောင်းဆို ဆန္ဒ ပြကြသူ တွေကို ရဲတွေက မျက်ရည်ယို ဗုံးတွေ၊ ရာဘာ ကျည်ဆန် တွေနဲ့ ပစ်ခတ်ခဲ့ ပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူး နေ့က လူပေါင်း ၃၀၀ ကျော်သေဆုံး ခဲ့ရတဲ့ အဆောက် အဦ ပြိုကျ ခဲ့မှု ဖြစ်ခဲ့ ပြီးတဲ့နောက် အခုလို တောင်းဆို မှုတွေ ဖြစ်လာခဲ့ တာပါ။

အဲဒီ အဆောက် အဦဟာ သိပ်စိတ် မချရဘဲ ပြိုကျနိုင်တယ် ဆိုတဲ့ သတိပေး မှုတွေ ရှိတဲ့ ကြားက အထည်ချုပ် စက်ရုံ အလုပ်သမား တွေကို အဲဒီမှာ ဆက် အလုပ်လုပ်ဖို့ ပြောခဲ့တဲ့ စက်ရုံ ပိုင်ရှင်ကို ဖမ်းဆီး အရေးယူပေးဖို့ နဲ့ အထည်ချုပ် စက်ရုံ အလုပ် သမား တွေရဲ့ အလုပ်ခွင် ဘဝ လုံခြုံ စိတ်ချ ရမှုရှိအောင် လုပ်ပေးဖို့ ဒက္ကားမြို့နဲ့ အနီး တဝိုက်က ထောင်နဲ့ ချီတဲ့ အထည်ချုပ် စက်ရုံ အလုပ်သမား တွေက ဒုတိယမြောက်နေ့ အဖြစ် လမ်းမ တွေပေါ် ထွက်ပြီး ဆန္ဒ ပြခဲ့ ကြတာပါ။

ဒေါသ ထွက်နေ ကြတဲ့ စက်ရုံ အလုပ်သမား တွေဟာ မော်တော်ယာဉ် အနည်းဆုံး အစင်း တစ်ရာ လောက်ကို မီးရှို့ ဖျက်ဆီး ခဲ့ကြပြီး ဒက္ကားမြို့ အပြင် ဘက်က စက်ရုံ တချို့ကိုလည်း ဝင်ရောက် မွှေနှောက် ခဲ့ကြ ပါတယ်။

ဆန္ဒ ပြဖို့ ရောက်လာတဲ့ လူ အရေ အတွက်ဟာ အနည်းဆုံး တစ်သောင်း လောက် ရှိပြီး အတော်လေးကို ထိလွယ် ခိုက်လွယ်တဲ့ အခြေ အနေမျိုး ရှိနေတယ်လို့ ရဲတွေက ပြောပါတယ်။

တချိန်တည်း မှာပဲ အဆောက် အအုံ ပြိုကျ ခဲ့တဲ့ နေရာမှာ ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ် နေပါတယ်။

စစ်တပ်၊ မီးသတ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် တွေက အသက်ရှင် ကျန်နေနိုင်သူ တွေကို နေ့ရော ညပါ ဆက်တိုက် ရှာဖွေ နေကြ ပါတယ်။

အဆောက် အဦ ထပ်ပြီး ပြိုကျ မလာအောင် အပျက် အစီးပုံ တွေကို သူတို့ လက်တွေနဲ့ အသာ ယက်ပြီး ဖယ်ရှား နေကြရ တာမို့ ကယ်ဆယ်ရေး လုပ်ငန်းစဉ်က ထင်သလောက် ခရီး မရောက် ဖြစ်နေတာပါ။

မိသားစုဝင် တွေက အဲဒီ လူတွေကို အသက်ရှင်လျက် ကယ်ဆယ် နိုင်ဖို့ အခွင့်အလမ်း နည်းလာ နေပြီလို့ ယူဆပြီး အကြီး အကျယ် စိတ်သောက ရောက်နေကြ ပါတယ်။

သေဆုံး သွားသူတွေနဲ့ အပျက် အစီးပုံတွေ အောက်မှာ ပိတ်မိ နေသူတွေ အတွက် နိုင်ငံ တဝန်းလုံး အထူး ဆုတောင်း ပေးကြဖို့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာက မေတ္တာ ရပ်ခံလိုက် ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ