ဆီးရီးယား ကြားဖြတ် အစိုးရမှာ အာဆက်အတွက် နေရာမရှိ

Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

ဆီးရီးယားမှာ အသွင်ကူးပြောင်းရေး အစိုးရ ဖွဲ့တဲ့အခါ လက်ရှိ သမ္မတ ဘတ်ရှားအယ် အာဆတ် အတွက် နေရာ မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောကြားလိုက်ပါတယ်။

အမေရိကန်နဲ့ ရုရှားတို့က တောင်းဆိုနေတဲ့ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပဖို့ အဆိုပြုချက်ကို ဆီးရီးယား အစိုးရက ကြိုဆိုခဲ့ ပြီးတဲ့နောက် မစ္စတာ ကယ်ရီက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် မော်စကိုမှာတုန်းက မစ္စတာ လာဗ် ရော့ဗ် ပြောသွားတဲ့ စကားက တကယ့်ကို အရေးကြီး ပါတယ် ၊ ရုရှားဟာ ဘယ်ပုဂ္ဂိုလ် တဦးတယောက်နဲ့မှ အတုပ်အနှောင် မရှိပါဘူး ၊ ဂျီနီဗာ ကွန်ဗင်းရှင်း အပိုဒ်တစ် အရ အကောင်အထည်ဖော်ဖို့ လက်ခံပါတယ် ၊ အဲဒီ အတိုင်း ဆီးရီးယားမှာ ကြားဖြတ် အစိုးရ ဖွဲ့ပေးဖို့ နှစ်ဖက် သဘောတူ ပါတယ်လို့ မစ္စတာ လက်ဗ်ရော့ဗ်က ပြောခဲ့ကြောင်း မစ္စတာ ကယ်ရီက ရှင်းပြခဲ့ပါတယ်။

မစ္စတာ အာဆက် ရာထူးက ဆင်းပေးဖို့ အမေရိကန်ရဲ့ တောင်းဆိုမှုကို တောက်လျှောက် ဆန့်ကျင် ခဲ့တဲ့ အနေအထားကို ရုရှား အနေနဲ့ ဆက်ထိန်း ထားလိမ့်မယ်လို့ ယုံကြည်ကြောင်း ဆီးရီးယား နိုင်ငံခြားရေး ဝန်ကြီးက ဆိုပါတယ်။

ဆီးရီးယား အတိုက်အခံ အဖွဲ့တွေကတော့ ဒီညီလာခံဟာ လက်ရှိ အစိုးရ ဒါမှမဟုတ် အစိုးရနဲ့ သက်ဆိုင်သူတွေကို ဆက်လက် အာဏာမြဲစေမယ့် ညီလာခံ ဖြစ်လိမ့်မယ်လို့ သံသယ ဖြစ်မိကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။