ပါကစ္စတန်မှာ မစ္စတာ ရှရစ်ဖ် အစိုးရဖွဲ့ဖို့ ပြင်ဆင်

Image caption အစိုးရ ဖွဲ့နိုင်ရေး အတွက် ပါတီ တချို့ရဲ့ ထောက်ခံမှု လိုကောင်း လိုနိုင် ပါတယ်

ပါကစ္စတန် နိုင်ငံမှာ ရွေးကောက်ပွဲတွေ အပြီး နောက်တနေ့ မှာတော့ အတိုက် အခံ မွတ်ဆလင် အဖွဲ့ချုပ် ခေါင်းဆောင် နာဝက်ဇ် ရှာရစ်ဟာ အစိုးရသစ် တရပ် ဖွဲ့ဖို့ အတွက် သူ့ရဲ့ပါတီ ခေါင်းဆောင် ပိုင်းနဲ့ ဆွေးနွေး မှုတွေ ပြုလုပ် နေပါပြီ။

တရားဝင် မဟုတ်သေးတဲ့ မဲရလဒ်တွေ အရ မွတ်ဆလင် အဖွဲ့ချုပ်ဟာ အစိုးရ ဖွဲ့နိုင်မယ့် မဲအရေ အတွက်နဲ့ အနိုင် ရရှိသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် လည်း အစိုးရ ဖွဲ့နိုင်ရေး အတွက် ပါတီ တချို့ရဲ့ ထောက်ခံမှု လိုကောင်း လိုနိုင် ပါတယ်။

တခြား တဘက်မှာတော့ မစ္စတာ ရှရစ်ဖ် အတွက် ခက်ခဲ ကျပ်တည်းတဲ့ အခြေ အနေတွေ ကိုလည်း ရင်ဆိုင် လာရ စေနိုင်တဲ့ အလား အလာ တချို့ ရှိပါတယ်။ အတိုက်အခံ ခေါင်းဆောင် ဘဝမှာ မစ္စတာ ရှရစ်ဖ် ဟာ အစိုးရဟောင်းရဲ့ စစ်သွေးကြွ တွေကို နှိမ်နင်း တိုက်ခိုက် မှုတွေမှာ သူ့ကိုယ်သူ ခပ်ခွာခွာ ထားပြီး ရပ်တည်ခဲ့ ပါတယ်။

သူ့ပါတီဟာ ဘာသာရေး ဦးစားပေးတဲ့ လက်ယာ ဘက်စွန်းကို ယိမ်းခဲ့ပါတယ်။ ဒါပေမဲ့ အခုသူ အစိုးရ ဖြစ်မယ့် အချိန်ဟာ နေတိုးက အာဖဂန်နစ္စတန် ကနေ ဆုတ်ခွာ တော့မယ့် ဆဲဆဲ ကာလ ဖြစ်ပါတယ်။ အဲသလို ကာလမှာ ပါကစ္စတန်ကို အရင် အစိုးရ မူဝါဒ အတိုင်း ဆက်လက် ရပ်တည်ဖို့ ဖိအား ပေးမှု တွေ ရှိလာနိုင် ပါတယ်။

ပါကစ္စတန်ရဲ့ စီးပွားရေး အလား အလာ ဟာလည်း အဲဒီ ဆုံးဖြတ်ချက် အပေါ်မှာ အများကြီး မူတည်နိုင် ပါတယ်။ နိုင်ငံ တကာက လှူဒါန်း အကူ အညီ ပေးကြမယ့် သူတွေဟာ ပါကစ္စတန် အစိုးရ အနေနဲ့ တာလီဘန် တွေကို ဆန့်ကျင်တဲ့ လမ်းကြောင်း ပေါ်မှာ ဆက်လက် ရပ်တည်ဖို့ မျှော်လင့်ကြမှာ ဖြစ်ပါ တယ်။

သူအခုလို ရွေးကောက်ပွဲ အနိုင်ရ လာတာဟာ ပါကစ္စတန် နိုင်ငံရဲ့ စွမ်းအင် ဝယ်ယူမှုနဲ့ ပတ်သက်ပြီး ပြုပြင်ဖို့ စီးပွားရေး ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက် ဖို့ ဆိုတဲ့ ကတိတွေကြောင့် ဖြစ်ပါတယ်။ ဒီတော့ ဒီကတိတွေ တည်အောင် ဆောင်ရွက်ဖို့ ဆိုတာ နိုင်ငံခြား အကူ အညီတွေနဲ့ အမှီခို ကင်းဖို့ ခက်ပါတယ်။ ဒါ့အပြင် သူ့ကို ထောက်ခံသူ အများစုဟာ ပန်ဂျပ် ပြည်နယ်က ဖြစ်ကြ ပါတယ်။

ဒီတော့ ပန်ဂျပ် ပြည်နယ်က လူတွေ အတွက် သူပေးထားတဲ့ ကတိတွေနဲ့ တနိုင်ငံလုံးရဲ့ လိုလား ချက်တွေကို ချိန်ခွင်လျှာ ကိုက်ညီအောင် ထိန်းညှိ ဆောင်ရွက်ရေး ဟာလည်း သူ့အတွက် စိန်ခေါ်နေတဲ့ အခြေ အနေလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ