ဆီးရီးယားအရေး အိုဘားမားနဲ့ ကင်မရွန်ဆွေးနွေး

ဆီးရီးယားမှာ သမ္မတ ဘတ်ရှား အယ်လ် အာဆတ် မပါဝင်တဲ့ အနာဂတ် တည်ထောင်ပေးဖို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန် တို့ လက်ခံခဲ့ကြပြီး ဆီရီးယား သမ္မတ အာဆတ်ကို တိုးမြှင့် ဖိအားပေးဖို့ သဘောတူခဲ့ကြတယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဆီးရီးယား အလယ်အလတ်သဘောထားရှိတဲ့ အတိုက်အခံတွေ အားကောင်းလာအောင် နဲ့ သမ္မတ အာဆတ်ကို အစားထိုးမယ့် ကြားဖြတ် အုပ်ချုပ်ရေး အဖွဲ့တဖွဲ့ ဖန်တီး ရေးကို အမေရိကန်နဲ့ ဗြိတိန်တို့ အတူ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

လာမယ့် သီတင်းပတ်တွေ အတွင်း ကျင်းပမယ့် ဂျီနီဗာမှာ ငြိမ်းချမ်းရေး ညီလာခံ မှာ ကြားဖြတ် အုပ်ချုပ်ရေး အဖွဲ့တဖွဲ့ ဖွဲ့စည်ရေးဟာ အဓိက ရည်မှန်းချက်ဖြစ်တယ်၊ အဲဒီညီလာခံမှာ ဆီးရီးယား အစိုးရ ကိုယ်စားလှယ်တွေနဲ့ အတိုက်အခံ ဖက်က ကိုယ်စားလှယ်တွေ အတူတကွ တက်ရောက်အောင် နှစ်နိုင်ငံ ကြိုးစား အကောင်းထည် ဖော်သွားမယ်လို့ မစ္စတာ အိုဘားမားက ဝါရှင်တန်မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုကို ရောက်နေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်နဲ့ ဆွေးနွေး ပြီးတဲ့နောက် သမ္မတ အိုဘားမားက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

လာမယ့် နှစ်တွေ အတွင်း လူကို အသက်အန္တရာယ် မပြုလောက်တဲ့ အကူအညီတွေ ဖြစ်တဲ့ သံချပ်ကာ ကားတွေ ၊ ယန္တယားတွေနဲ့ မီးစက် တွေကို ဆီးရီးယားသူပုန်တွေကို ဗြိတိန်က ထောက်ပံ့ ပေးသွားမယ်လို့ မစ္စတာ ကင်မရွန်က ဆိုပါတယ်။

သမ္မတအိုဘားမားကလည်း ဆီးရီးယား အတိုက်အခံတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့တွေပေးမယ်လို့ ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေဟာ ဆီးရီးယား သူပုန်တွေကို လက်နက်ပံ့ပိုးပေးတော့မယ့် အခြေအနေကို ဦးတည်နေတယ်လို့ မြောက်အမေရိကဆိုင်ရာ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆီးရီးယားမှာ သူပုန်အဖွဲ့ အမျိုးမျိုးရှိနေကြပြီး တချို့က အနောက်နိုင်ငံတွေကို ရန်လိုသူတွေ ဖြစ်လို့ လက်နက်ပံ့ပိုးမယ်ဆိုရင် အန္တရာယ်ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။