တရုတ်ဝန်ကြီးချုပ်ရဲ့ အိန္ဒိယ ခရီးစဉ်

Image caption အိန္ဒိယမှာ ၃ ရက်ကြာမှာ ဖြစ်ပြီး အဲဒီနောက်မှာ ပါကစ္စတန်၊ ဆွစ်ဇာလန်၊ ဂျာမဏီ နိုင်ငံတွေကို ခရီးဆက်မယ်

တရုတ်ဝန်ကြီးချုပ် လီကွတ်ချန် ရဲ့ ဝန်ကြီးချုပ် ဖြစ်ပြီး ပထမဆုံး နိုင်ငံခြား ခရီးစဉ်မှာ သူပထမဆုံး ဝင်မယ့် နိုင်ငံဟာ အိန္ဒိယ နိုင်ငံဖြစ်တဲ့ အတွက် ဒါဟာ ထူးခြားမှုရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အိန္ဒိယနဲ့ တရုတ် ဆိုတာဟာ နယ်နမိတ် ပြဿနာ ကြောင့်ရော၊ တခြား ဒေသတွင်း ပြဿနာတွေနဲ့ စီးပွားရေး အားပြိုင် မှုတွေကြောင့်ပါ အစဉ် အလာ အားဖြင့် ပြိုင်ဘက် နိုင်ငံကြီး နှစ်နိုင်ငံလို့ ဆိုနိုင် ပါတယ်။

အစဉ် အလာ အားဖြင့် အငြင်းပွား မဆုံးတဲ့ နယ်နမိတ် ပြဿနာ ဟာလည်း ပြီးခဲ့တဲ့ လတုန်းက ပြန် အစပျိုး လာတဲ့ လက္ခဏာမျိုး တွေ့ခဲ့ရ ပါတယ်။ တရုတ် စစ်တပ်တွေဟာ ဟိမဝန္တာ တောင်ကြောရဲ့ အိန္ဒိယပိုင် အခြမ်းဘက်ကို ကျူးကျော် ဝင်ရောက် ခဲ့တယ် ဆိုပြီး အိန္ဒိယ ဘက်က စွပ်စွဲမှု ရှိခဲ့ပါတယ်။

အခု ခရီးစဉ်မှာ ဝန်ကြီးချုပ် လီကွတ်ချန်ဟာ အိန္ဒိယကို ရောက်ရောက်ချင်းမှာပဲ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန် ဆင်းနဲ့ တွေ့ပြီး စကား ပြောကြ ညစာစားကြဖို့ ရှိပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ နယ်နမိတ် ပြဿနာကို ဆွေးနွေး မယ်လို့ ယူဆရ ပါတယ်။

ဒါ့အပြင် တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံ လုံးဟာ ၂၁ ရာစု သမိုင်းစာ မျက်နှာသစ်မှာ အလွန် ထင်ရှား လာတဲ့ အရပ် စကားနဲ့ ဆိုရင် ပေါ်ပြူလာ ဖြစ်တဲ့ နိုင်ငံတွေလို့ ဆိုရမှာပါ။ တရုတ် ဆိုတာ ကလည်း ကမ္ဘာမှာ စီးပွားရေး အင်အား နံပါတ် ၂ အဆင့် ရှိတဲ့ နိုင်ငံ ဖြစ်ပြီး အိန္ဒိယ ကလည်း စီးပွားရေး အညွန့် တလူလူ တက်လာနေတဲ့ နိုင်ငံ တနိုင်ငံ ဖြစ်ပါတယ်။

နိုင်ငံ ဧရိယာ အရရော လူဦးရေ အရပါ အလွန် ကြီးမားတဲ့ နိုင်ငံကြီးတွေလည်း ဖြစ်တာ အားလုံး အသိပါ။ တရုတ် အစိုးရ အနေနဲ့ ဒီခရီးစဉ် ကနေ ယုံကြည်မှု တည်ဆောက် နိုင်ပြီး နှစ်နိုင်ငံကို သေနင်္ဂဗျူဟာ မိတ်ဆွေ နိုင်ငံ အဆင့် မြှင့်တင် နိုင်ဖို့ မျှော်လင့်တယ်၊ နှစ်နိုင်ငံ အတူ တကွ အကျိုး ဖြစ်ထွန်းဖို့ မျှော်လင့် တယ်လို့ ရှင်ဟွာ သတင်းစာမှာ ရေးသားထား ပါတယ်။

အိန္ဒိယ ဘက်ကလည်း မစ္စတာလီရဲ့ ပထမ ခရီးစဉ် အဖြစ် အိန္ဒိယကို ရွေးချယ် တာဟာ အိန္ဒိယရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ရာ ရောက်တယ်လို့ သဘောရပြီး နှစ်နိုင်ငံ ယုံကြည်မှု တိုးမြှင့် တည်ဆောက် နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဆေရက် အဂ္ဂဘာ အူဒင်က ပြောပါတယ်။

ဒါ့အပြင် နှစ်နိုင်ငံ ရင်းနှီး မြှုပ်နှံမှု တိုးမြှင့်ဖို့ အချက် ဟာလည်း အရေးပါတဲ့ အချက် ဖြစ်နိုင်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ နှစ်နိုင်ငံ ကုန်သွယ် ရေး ကို ဒေါ်လာ ၁၀၀ ဘီလျံ အထိ တိုးမြှင့်ဖို့ နှစ်နိုင်ငံ သဘောတူ ထားပြီးခဲ့ ပါပြီ။

အာရှမှာ အမေရိကန်နဲ့ အနောက် နိုင်ငံက စီးပွားရေး အရ လမ်းပြန် ဖောက်လာတဲ့ ကာလ မျိုးမှာ အမေရိကန် နီးစပ်တဲ့ အိန္ဒိယ နိုင်ငံကို တရုတ် နိုင်ငံက ပြန်လည်ပြီး ဒေသတွင်း ချစ်ကြည်ရေး တည်ထောင် လာတာ ဟာလည်း ထူးခြား တယ်လို့ ဆိုရမယ် ထင်ပါတယ်။

ဝန်ကြီးချုပ် လီဟာ အိန္ဒိယမှာ ၃ ရက်ကြာမှာ ဖြစ်ပြီး အဲဒီနောက်မှာ ပါကစ္စတန်၊ ဆွစ်ဇာလန်၊ ဂျာမဏီ နိုင်ငံတွေကို ခရီးဆက်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ