တရုတ် ကြက်သား စက်ရုံမီး လူ ၁၁၉ ဦး သေဆုံး

Image caption ထွက်ပေါက် တခါးတွေမှာ သော့ခတ် ထားတာ တွေ ပိတ်ဆို့ နေတာတွေ တွေ့ရ တယ်လို့ ဆိုပါတယ်

တရုတ် နိုင်ငံ အရှေ့ မြောက်ပိုင်းက ကြက်သား ထုတ်တဲ့ စက်ရုံ တခုမှာ မီးလောင်မှု ဖြစ်ပွား ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၁၁၉ ယောက် သေဆုံး သွားခဲ့ ပြီး တခြား လူ ၅၀ ကျော် ဒဏ်ရာ ရရှိသွား တယ်။

ဂျီလင်း ပြည်နယ်မှာ ဖြစ်ပွား ခဲ့တာ ဖြစ်ပြီး၊ သေဆုံးသူ အများစုဟာ မီးလောင် နေတဲ့ အဆောက် အဦးတွေ ထဲမှာ ပိတ်မိ နေခဲ့တာကြောင့် ဖြစ်ပါတယ်။ လူပေါင်း ၁ ရာလောက် ကတော့ စက်ရုံ ကနေ ထွက်ပြေး လွတ်မြောက် နိုင်ခဲ့ တယ်လို့ ရှင်ဝှာ သတင်း ဌာနက ပြောပါတယ်။

ထွက်ပြေး လာနိုင်ခဲ့ သူတွေ ပြောတာ ကတော့ ထွက်ပေါက် တခါးတွေမှာ သော့ခတ် ထားတာတွေ ပိတ်ဆို့ နေတာတွေ တွေ့ရ တယ်လို့ ဆိုပါတယ်။ အမိုး နီးယား ဓာတ်ငွေ့ ယိုစိမ့်မှု ကနေ မီးစလောင်တာ ဖြစ်နိုင် တယ်လို့ ယူဆရ ပါတယ်။

တရုတ် နိုင်ငံမှာ အလုပ် သမားတွေ အနေနဲ့ အဆိပ်သင့် စေတဲ့ ဓါတု ပစ္စည်းတွေ ကိုင်တွယ် အသုံးပြု တာက အစ လုပ်ငန်းခွင်နဲ့ ဆိုင်တဲ့ နာမကျန်း ဖြစ်တာ အဆုံး အလုပ် သမားတွေ ဘေးကင်း လုံခြုံမှု ရှိရေး စည်းမျဉ်း စည်းကမ်း ထောင်ပေါင်း များစွာကို တရုတ် ဗဟို အစိုးရက ရေးဆွဲ ချမှတ်ထား တာပါ။

ဒါပေမယ့် လက်တွေ့မှာ ဒီစည်းမျဉ်းတွေ အတိုင်း လိုက်နာ ဆောင်ရွက် တာမျိုး မရှိပဲ ဒေသခံ အာဏာပိုင် တွေနဲ့ စက်ရုံ ပိုင်ရှင် တွေက အမြတ် ရရေး ကိုပဲ ရှေ့တန်း တင်လေ့ ရှိကြပါတယ်။

ဗဟို အစိုးရ က ဒါကို ပြောင်းပစ်ဖို့ ကြိုးပမ်း ဆောင်ရွက် နေရာမှာ ပြီးခဲ့တဲ့ ၅နှစ် အတွင်း လုပ်ငန်းခွင် မတော် တဆ ဖြစ်ရပ်တွေ သုံးပုံ တပုံ လျော့ကျ သွားခဲ့ တယ်လို့ ဒုတိယ ဝန်ကြီးချုပ်ဟောင်း ကျန် တိဂျန် က ပြောသွားပါတယ်။

ဒါပေမယ့်လည်း တရုတ် နိုင်ငံရဲ့ လူထု ဘေးကင်း လုံခြုံရေး ဗျူရို ဌာန ကတော့ ၂၀၁၀ ခုနှစ် ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၁ ခုနှစ်မှာ ဆောက်လုပ်ရေး လုပ်ငန်းခွင် တွေမှာ မီးလောင်မှု နှုန်း ၆ ရာခိုင်နှုန်း နီးပါး တိုးလာပြီး စိုက်ပျိုးရေး စက်ရုံတွေ မှာလည်း ၉ ရာခိုင်နှုန်း နီးပါး တိုးလာ ကြောင်းနဲ့ စက်ရုံ ပိုင်ရှင်တွေဟာ လျှပ်စစ်နဲ့ အပူ ဓါတ်အား ပေးရာမှာ စိတ်မချ ရတဲ့ နည်းတွေ သုံးပြီး ဘေးကင်း လုံခြုံရေး ဆိုင်ရာ စည်းမျဉ်း တွေကို လိုက်နာဖို့ ပျက်ကွက် နေကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင် မတော်တဆ ဖြစ်ရပ်တွေအတွက် အလုပ်ရုံ ပိုင်ရှင်တွေကို အပြစ်ပေးတာမျိုးလည်း မရှိသလောက် ရှားပါးတာကြောင့်လည်း အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်နေတာလို့ ဝေဖန် ပြောဆိုမှုတွေ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ