လျှို့ဝှက် သတင်းပေါက်ကြားမှုနဲ့ အမေရိကန်စစ်သားကို ရုံးစတင်

Image caption အစိုးရအတွက် သစ္စာဖေါက် သူ့ကို ထောက်ခံသူ တွေအတွက် သူရဲကောင်း

အမေရိကန်အစိုးရရဲ့ လျှို့ဝှက်သတင်းတွေ ဝီကီလိဒ် အင်တာနက် ဝက်ဆိုက်ကို ပေးပို့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် စစ်သား Bradley Manning ကို စစ်ခုံရုံးမှာ ရုံးတင်စစ်ဆေးနေပါပြီ။

Bradley Manning ဟာ ရန်သူကို အကူအညီပေးတယ်ဆိုတဲ့ စွဲချက်အပါအဝင် စွဲချက် ၂၂ ခုနဲ့ စွဲချက်တင်ခံနေရတာ ဖြစ်ပါတယ်။

အခုနှစ် အစောပိုင်းမှာ အဲဒီထဲက ၁၀ ခုနဲ့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပြီးသား ဖြစ်ပါတယ်။

ပေါက်ကြားခဲ့တဲ့ လျှို့ဝှက် သတင်းတွေကို အိုစမာ ဘင်လာဒင် လက်ခံရရှိခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထားတွေ သူတို့ဆီမှာရှိတယ်လို့ စစ်ခုံရုံး အစမှာ စစ်တပ် အမှုလိုက် အရာရှိတွေက ပြောခဲ့ပါတယ်။

မန်နိမ်ရဲ့ ရှေ့နေတွေကတော့ လျှို့ဝှက်သတင်းတွေ ဝီကီလိဒ်ကို ပေးပို့ခဲ့ချိန်မှာ မန်နိမ်ဟာ ငယ်ရွယ်သူ မသိနားမလည်သေးသူ ဖြစ်ပြီး ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလို့ ပြောပါတယ်။

စစ်တပ်အမှုလိုက် အရာရှိတွေက မန်နိမ်ဟာ စစ်ရေးလေ့ကျင့်မှုကရတဲ့ အတွေ့အကြုံတွေကိုသုံးပြီး လျှို့ဝှက်သတင်းတွေကို စနစ်တကျ စုဆောင်းရယူခဲ့တယ်လို့ ပြောကြပါတယ်။

မန်နိမ် သတင်းတွေ စစုဆောင်းခဲ့တာဟာ သူအီရတ်မှာ တာဝန်ကျနေချိန်က ဖြစ်ပါတယ်။

၂၀၀၉ ခု နှောင်းပိုင်း တိုက်ပွဲတခုမှာ အီရတ်တဦးသေဆုံးပြီး အမေရိကန်စစ်သားတဦးမှ သေကြေဒဏ်ရာမရခဲ့တာကို သူ့မိတ်ဆွေ ရဲဘော်တွေ အောင်ပွဲခံနေကြတာကို မြင်တဲ့အချိန်မှာ သူရဲ့ စိတ်ပြောင်းသွားပြီး သတင်းတွေကို စုခဲ့တာလို့ သူ့ရှေ့နေက ပြောပါတယ်။

ဒီသတင်းတွေကို လူထုကြား ဖြန့်ဖြူးပေးရင် ကမ္ဘာကြီးဟာ ပိုပြီး နေစရာကောင်းတဲ့ နေရာ ဖြစ်လာလိမ့်မယ်လို့ သူအတွေးပေါက်ခဲ့ပြီး လုပ်ခဲ့တာလို့ လျှောက်လဲချက်မှာ သူ့ရှေ့နေတွေက ပြောခဲ့ပါတယ်။

မန်နိမ်ဟာ သတင်းပေါက်ကြားမှုမှာ သူပါဝင်တဲ့ အခန်းကဏ္ဍနဲ့ပတ်သက်လို့ မငြင်းခဲ့ပါဘူး။

ရန်သူကို ကူညီမှုနဲ့ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် တသက်အထိ ကျခံရနိုင်ပါတယ်။

မန်နိမ်နဲ့ ဝီကီလိဒ်အမှုဟာ အမေရိကန်အစိုးရရဲ့ လျှို့ဝှက် သတင်းပေါက်ကြားမှုတွေ ထဲမှာ အကြီးမားဆုံ့းအမှု ဖြစ်ပါတယ်။

ဒီသတင်းပေါက်ကြားမှုဟာ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားကို အန္တရာယ်ဖြစ်စေတယ်လို့ စစ်တပ်အမှုလိုက်တွေက ပြောပါတယ်။

သူဟာ အမေရိကန်အစိုးရအတွက် သစ္စာ ဖေါက်တဦးဖြစ်ပေမယ့် သူ့ကို ထောက်ခံသူတွေကတော့ သူကို သတ္တိရှိတဲ့ သူရဲကောင်းတဦးလို့ သတ်မှတ်ကြပြီး သူ့ရဲ့အမှုဟာ အမေရိကန်တို့ရဲ့ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ကို ထိုးနှက်မှုတခုလို့ ယူဆကြပါတယ်။