ကူဆဲ မြို့ကို ဆီးရီးယား စစ်တပ် ပြန်သိမ်း

ဆီးရီးယား စစ်တပ်က ပြန်သိမ်းယူ အပြီး ကူဆဲ မြို့မြင်ကွင်း
ဆီးရီးယား နိုင်ငံမှာ အစိုးရ တပ်ဖွဲ့တွေက သေနင်္ဂ ဗျူဟာ အရ အရေးပါတဲ့ ကူဆဲ မြို့ကို နှစ်ပတ်ကျော်ကြာ ဝိုင်းရံ ထားခဲ့ပြီးတဲ့နောက် ဗုဒ္ဓဟူး နေ့က သိမ်းယူလိုက်ပြီ ဖြစ်ပါတယ်။
သူပုန်တွေ ကတော့ ပြီးခဲ့တဲ့ ညက သူတို့ ဆုတ်ခွာ ခဲ့တယ်လို့ ပြောပါတယ်။
ကူဆဲ မြို့ကိုသိမ်းနိုင်တာဟာ မဟာဗျူဟာ အရ အရေးကြီးတဲ့ အောင်ပွဲဖြစ်တယ်လို့ ဆီးရီးယား အစိုးရက ဖော်ပြ ပြောဆိုပါတယ်။
တိုက်ပွဲကို အနိုင်ရဖို့ ဟစ်ဇ်ဘိုလာ တွေရဲ့ အကူအညီကို ရယူခဲ့တာပါ။
ဒီမြို့ဟာ လက်ဘနွန် နိုင်ငံနဲ့ နယ်စပ်အနီးမှာ တည်ရှိပြီး အစိုးရတပ်ဖွဲ့တွေရော အတိုက်အခံတွေ အတွက်ပါ အရေးပါတဲ့ ထောက်ပံ့ရေး လမ်းကြောင်း နေရာလည်း ဖြစ်ပါတယ်။
ရုပ်မြင် သံကြားမှာ ပြခဲ့တဲ့ ပုံတွေ အရ တစ်မြို့လုံးဟာ လူသူ ကင်းမဲ့ နေတာ တွေ့ရပါတယ်။
ဒီတိုက်ပွဲမှာ သူပုန် အများ အပြား သေဆုံး ခဲ့ပြီး အတော် များများ လက်နက် ချခဲ့ ကြတယ်လို့ ရုပ်မြင် သံကြားမှာ အစိုးရ စစ်တပ်က ကြေညာ ပါတယ်။
အခု စစ်ပွဲကြောင့် ဂျီနီဗာမှာ ပြုလုပ်ဖို့ ရှိတဲ့ ဆီးရီးယား အရေး ဆိုင်ရာ နိုင်ငံ တကာ ဆွေးနွေးပွဲ အပေါ် အကျိုး သက်ရောက်မှု ရှိနိုင်ပါတယ်။
ဆီးရီးယား သူပုန်တွေ ဘက်က ဆွေးနွေးပွဲ တက်ဖို့ မသေချာ သေးလို့ အစည်း အဝေး ဖြစ်မဖြစ် မရေမရာ ဖြစ်နေ တာပါ။
ဆီးရီးယား နိုင်ငံမှာ လက်ရှိ ဖြစ်နေတဲ့ ပဋိ ပက္ခ တွေကြောင့် လူတွေ သောင်းနဲ့ ချီပြီး သေဆုံး ခဲ့ရတဲ့ အပြင် လူပေါင်း တစ်သန်းခွဲ ဟာလည်း အိုးအိမ် စွန့်ခွာ ထွက်ပြေး ခဲ့ကြရ ပါတယ်။ ဆီးရီးယား အရေးမှာ ဒေသတွင်းက တခြား နိုင်ငံတွေ ကလည်း အကြောင်း အမျိုးမျိုးကြောင့် ပါဝင် ပတ်သက် လာတဲ့ အတွက် ဆီးရီးယား အရေးဟာ နိုင်ငံတကာ အရေး တစ်ခု အဖြစ် ကျယ်ပြန့် လာနေ ပါတယ်။