အိုဘားမားနဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ ဆွေးနွေးမှု ပြီးဆုံး

Image caption တရုတ် သမ္မတ ရှီကျင်းပင်နဲ့ အမေရိကန် သမ္မတ အိုဘားမား

အမေရိကန် သမ္မတ အိုဘားမားနဲ့ တရုတ် သမ္မတ ရှီကျင်းပင် တို့ဟာ ကယ်လီဖိုးနီးယားမှာ နှစ်ရက်ကြာ ဆွေးနွေးမှု ပြီးဆုံးသွားပါပြီ။

ဒီဆွေးနွေးမှုနဲ့ ပတ်သက်လို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ မစ္စတာ အိုဘားမားက ဒီဆွေးနွေးပွဲဟာ ထူးခြားလှပါတယ်လို့ တုန့်ပြန် ဖြေဆို သွားခဲ့ပါတယ်။

တရုတ် သမ္မတ ပြောခွင့်ရသူကတော့ ဒါဟာ သမိုင်းဝင် တွေ့ဆုံမှုလို့ ဆိုပြီး ဒီဆွေးနွေးပွဲမှာ ဆိုင်ဘာလုံခြုံရေးနဲ့ ရာသီဥတု ပြောင်းလဲမှု ထိန်းချုပ်ရေး အကြောင်းတွေ အပါအဝင် ကိစ္စ အတော်တော်များများကို ကျယ်ကျယ်ပြန့်ပြန့် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒီဆွေးနွေးပွဲဟာ အထူးသဖြင့် အာရှ ပစ္စဖိတ် ဒေသတွင်းဆိုင်ရာ နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်စေမှု အပေါ် အဓိက အကျိုးသက်ရောက်မှု ရှိစေလိမ့်မယ်လို့ ယုံကြည်ကြောင်းလည်း သူက ပြောပါတယ်။

အင်တာနက်ပေါ်က ကျုးကျော် ဝင်ရောက်မှုတွေနဲ့ ပတ်သက်လို့ လက်ခံနိုင်စရာကို မရှိဘူးလို့ သမ္မတ အိုဘားမားက ပြောကြားခဲ့ပြီးတဲ့နောက် အမေရိကန်ရဲ့ စိုးရိမ်ပူပန်နေတဲ့ အတွက် ဒီကိစ္စကို တရုတ်က လေ့လာစုံစမ်းဖို့ သဘောတူခဲ့တယ်လို့ အမေရိကန် ထိပ်တန်း အရာရှိ တယောက်က ပြောပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် တပ်ဆင်ရေး အစီအစဉ် ဖျက်သိမ်းသင့်တယ် ဆိုတဲ့ အချက်အပေါ် နှစ်နိုင်ငံ သဘောတူ ခဲ့ကြတယ်လို့လည်း သူက ထပ်လောင်းဆိုသွားခဲ့ပါတယ်။

လက်ရှိ စီးပွားရေး ဆက်ဆံမှု ကောင်းနေတဲ့ အပေါ် နိုင်ငံရေး ကိစ္စတွေကြောင့် အနှောက်အယှက် ဖြစ်မှာကို နှစ်နိုင်ငံစလုံးက လုံးဝ မလိုလားဘူးလို့ Palm Springs က ဆွေးနွေးပွဲကို သတင်းယူနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။