အမေရိကန် ထောက်လှမ်းရေးသမား ဟော်တယ်ကနေ ပျောက်သွားပြီ

Image caption ပျောက်နေတဲ့ အမေရိကန် ထောက်လှမ်းရေး သမား အက်ဒွပ် စနိုဒင်

အမေရိကန်ရဲ့ လျှို့ဝှက်ချက်တွေကို တရားဝင် ခွင့်ပြုချက်မရှိပဲ ဖွင့်ချ ဖေါ်ထုတ် လိုက်တဲ့ ကန်ထရိုက် စာချုပ်နဲ့ အလုပ်လုပ်တဲ့ အမေရိကန် ထောက်လှမ်းရေး Edward Snowdon ဟာ သူပုန်းအောင် တည်းခိုနေထိုင်ရာ ဟောင်ကောင်က ဟော်တယ်ကနေ ပျောက်နေတယ်လို့ သိရပါတယ်။

အခု သူဘယ်မှာလဲ ဆိုတာ မသိရပေမယ့် သူ့အကြောင်း ထုတ်ဝေခဲ့တဲ့ လန်ဒန်က ဂါးဒီးယန်း သတင်းစာကြီး အပြောအရ မနေ့က တနေ့လုံး ဟောင်ကောင်မှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

အမေရိကန် အာဏာပိုင်တွေက သူ့ကို အပြစ်ပေးဖို့ ကြိုးစားလိမ့်မယ် ဆိုတာ သူမျှော်လင့်ထားပြီးသားလို့ မစ္စတာ စနိုဒင်က ပြောကြားခဲ့ပါတယ်။

အဲဒီ ပြောကြားချက် အပေါ် တစုံတရာ ဝေဖန်ချက် ပေးဖို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ငြင်းဆိုခဲ့ပါတယ်။

အမျိုးသား လုံခြုံရေး ကောင်စီရဲ့ ထိပ်တန်း ဥပဒေ အကြံပေး အရာရှိဟောင်း စတီးဝပ်ထ် ဘိတ်ကာ ကတော့ ဒါဟာ အမေရိကန်ရဲ့ ဥပဒေကို ချိုးဖောက်တာဘဲ ၊ မစ္စတာ စနိုဒင်ရဲ့ လုပ်ရပ် အပေါ် တရားစွဲ အရေးယူသင့်တယ် လို့ ဆိုပါတယ်။

ဟောင်ကောင်နဲ့ အမေရိကန်တို့ဟာ တရားခံ လွှဲပြောင်းပေးရေး သဘောတူ စာချုပ် ရှိခဲ့ပြီး ဖြစ်ပေမယ့် မစ္စတာ စနိုဒင်ကို အမေရိကန်က လွှဲပြောင်းယူနိုင်ဖို့ လအတော်ကြာ ကောင်း ကြာနိုင်ပြီး ဒီကြားထဲမှာ တရုတ်က ဝင်ဖျက် နိုင်တယ်လို့ ရှေ့နေတွေက ပြောပါတယ်။