ဂီဇီပန်းခြံထဲက ဆန္ဒပြသမားတွေကို အင်အား အလုံးအရင်းနဲ့ ဖယ်ရှား

Image caption လုံခြုံရေး တပ်တွေ အင်အားနဲ့ ဝင်ရှင်းပြီ

တူရကီ နိုင်ငံ အစ္စတန်ဘူးလ် မြို့လယ်မှာ ရှိတဲ့ ဂီဇီ ပန်းခြံက ဆန္ဒပြသမားတွေကို ဝန်ကြီးချုပ် ရာဂျစ် တေရစ်ပ် အာဒိုဝမ်က အဲဒီနေရာက ထွက်ခွာဖို့ ထပ်မံ တောင်းဆိုခဲ့ပြီးတဲ့နောက် လုံခြုံရေး တပ်ဖွဲ့က အလုံးအရင်းနဲ့ ဝင်ရောက် ဖယ်ရှားခဲ့ပါတယ်။

လုံခြုံရေး အဖွဲ့တွေဟာ မျက်ရည်ယို ဗုံးတွေ ၊ မီးသတ်ပိုက်တွေ သုံးပြီး ဝင်ရောက် ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြသူ အများအပြား ကတော့ ထိခိုက် ဒဏ်ရာရမှာကို မလိုလားတဲ့ အတွက် ထွက်ခွာသွားကြတယ်လို့ အစ္စတန်ဘူးလ်က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒါ့အပြင် အလုပ်ကြမ်းသမားတွေက ပန်းခြံထဲဝင်ပြီး ဆန္ဒပြသမားတွေရဲ့ ယာယီတဲတွေကို ဖျက်ဆီး ဖယ်ရှားပစ် ခဲ့ကြတယ်လို့ သိရပါတယ်။

အဲဒီလို ဝင်ရောက် စီးနင်းမှု ဖြစ်ခဲ့ပြီးတဲ့နောက် တခြား မြို့ကြီး တမြို့ ဖြစ်တဲ့ အန်ကာရာမြို့ပေါ်က လမ်းတွေပေါ်မှာ ထောင်သောင်းချီတဲ့လူတွေက တူရကီ အလံတွေ ဝှေ့ယမ်းက အာဏာရှင် နှုတ်ထွက်ပေးရေး ကြွေးကြော်သံတွေ သီကြွေးခဲ့ကြပါတယ်။